tag:blogger.com,1999:blog-27241450997485714142024-03-19T19:30:46.949+06:30Myanmar Forwarddrmyochithttp://www.blogger.com/profile/15876646390458534964noreply@blogger.comBlogger2125tag:blogger.com,1999:blog-2724145099748571414.post-71471713267799650862014-09-04T11:30:00.000+06:302014-09-04T11:30:05.830+06:30 သူပုန်များနှင့် အပစ်အခတ် ရပ်စဲရန် ရုရှားနှင့် သဘောတူညီမှု ရရှိပြီဟု ယူကရိန်းကြေညာ

နိုင်ငံအရှေ့ပိုင်း ဒေသများတွင် သူပုန်တပ်များနှင့် စစ်ဖြစ်နေရာမှ အမြဲတမ်း အပစ်အခတ် ရပ်စဲရေးအတွက် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် သဘောတူညီမှု ရရှိခဲ့ပြီဟု ယူကရိန်းသမ္မတ ပက်ထရို ပိုရိုရှန်ကို၏ အစိုးရ အဖွဲ့က သတင်းထုတ်ပြန် ကြေညာခဲ့သည်။

ရုရှားလိုလားသည့် သူပုန်တပ်ဖွဲ့များက ယူကရိန်းနိုင်ငံ အရှေ့ပိုင်းရှိ လူဟန့်စ်ခ်နှင့် ဒိုးနက်စ်ခ် မြို့များတွင် ခွဲထွက်ရေး ကြေညာကာ ယူကရိန်းအစိုးရကို ဆန့်ကျင် တိုက်ခိုက်ခဲ့သည်။ အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်ပြီး ယူကရိန်းနှင့် ရုရှားတို့ကြား ဆက်ဆံရေး အေးခဲ တင်းမာခဲ့သော်လည်း ယခုအခါ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိလာခြင်း ဖြစ်သည်။

“နှစ်နိုင်ငံ အစိုးရတွေ ဆွေးနွေးညှိနှိုင်းပြီးတဲ့နောက် ဒိုးနက်စ်ခ်၊ လူဟန့်စ်ခ်နဲ့ ပတ်ဝန်းကျင် ဒေသတွေမှာ အမြဲတမ်း အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ပါပြီ”ဟု ယူကရိန်း သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါ သဘောတူညီချက်အတွက် ပူတင်နှင့် ပိုရိုရှန်ကိုတို့ တယ်လီဖုန်းဖြင့် ဆက်သွယ် ဆွေးနွေးခဲ့ခြင်းဟု ဆိုသည်။ “နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ အပြန်အလှန် နားလည်မှု တည်ဆောက်ပြီး ငြိမ်းချမ်းရေးဆီ ဦးတည်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်”ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က ဆိုသည်။

ယူကရိန်း အရှေ့ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်ကြောင့် နှစ်ဖက် တိုက်ခိုက်ရေးသမားများနှင့် အပြစ်မဲ့ပြည်သူ (၂၆၀၀)ကျော် သေဆုံးခဲ့သည်။ ယူကရိန်းနှင့် အမေရိကန် ဦးဆောင်သော မဟာမိတ်များက ရုရှားတပ်များသည် သူပုန်များဘက်မှ ကူညီ တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲထားကြသော်လည်း ပူတင်က မိမိတို့နှင့် ခွဲထွက်ရေး ပြောက်ကျားများကြား ဆက်နွယ်မှု မရှိဟု ငြင်းဆိုထားသည်။

_Ref: BBC

Unknownhttp://www.blogger.com/profile/00343102412854564609noreply@blogger.com0tag:blogger.com,1999:blog-2724145099748571414.post-78942999609538437432014-09-01T23:00:00.000+06:302014-09-01T23:00:01.107+06:30 ဂိုလန်ကုန်းမြင့်တွင် ဝေဟင်ပိုင်နက် ကျူးကျော်လာသည့် မောင်းသူမဲ့ လေယာဉ်တစ်စီးကို အစ္စရေးပစ်ချ

ဂိုလန်ကုန်းမြင့်အား စောင့်ကြည့်နေသည့် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင်နှစ်ဦးကို တွေ့ရစဉ်

ဆီးရီးယားနှင့် နယ်စပ်ဒေသကို ဖြတ်ကျော်ကာ အစ္စရေး ထိန်းချုပ်ထားသည့် ဂိုလန်ကုန်းပြင်မြင့် ဧရိယာဘက်သို့ ကျူးကျော်လာသည့် မောင်းသူမဲ့ လေယာဉ်တစ်စီးကို အစ္စရေး စစ်တပ်က ပစ်ချခဲ့ကြောင်း သိရှိရသည်။

ဩဂုတ်(၃၁)ရက်တွင် ဆီးရီးယားဘက်မှ လွှတ်တင်လိုက်သည်ဟု ယူဆရသည့် အဆိုပါ လေယာဉ်သည် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့များ စောင့်ကြပ်နေသော ဒေသကို ကျော်ဖြတ်ပြီး အစ္စရေး ထိန်းချုပ်ထားသည့် ဂိုလန်ကုန်းမြင့်ဘက် ပျံသန်းလာခဲ့ခြင်း ဖြစ်သည်။ အစ္စရေး လေကြောင်းကာကွယ်ရေး တပ်ဖွဲ့က အချက်အခြာကျသည့် နယ်ခြားဒေသတွင် ဝေဟင်ပိုင်နက် ကျူးကျော်လာသော အဆိုပါ လေယာဉ်ကို အောင်မြင်စွာ ကြားဖြတ် ပစ်ချခဲ့ကြောင်း ကြေညာသည်။

“မောင်းသူမဲ့ လေယာဉ်တစ်စီးဟာ ဆီးရီးယားနဲ့ နယ်ခြားဒေသမှာ အစ္စရေး ဝေဟင်ပိုင်နက်ဘက် ကျူးကျော်လာပါတယ်။ ဒါကို အောင်အောင်မြင်မြင် ကြားဖြတ် ဟန့်တားနိုင်ခဲ့တယ်။ ကျွန်တော်တို့ အကြိမ်ကြိမ် ပြောပြီးပါပြီ။ အစ္စရေးဟာ အချုပ်အခြာအာဏာနဲ့ ပိုင်နက်ကို ထိပါးလာတဲ့ ဘယ်လိုကျူးကျော်မှုကိုမဆို လက်တုံ့ပြန်သွားမှာပါ”ဟု လေတပ်မှ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ဆိုသည်။

ဆီးရီးယားတွင် သမ္မတ ဘာရှာအာဆက်ဒ်၏ တပ်ဖွဲ့များနှင့် သူပုန်တပ်များကြား ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားနေပြီး အဆိုပါ ပဋိပက္ခသည် အစ္စရေး ထိန်းချုပ်ထားသည့် ဂိုလန်ကုန်းမြင့် ဒေသအနီးထိ ကူးစက်လာသည်။ မကြာသေးမီက ယင်းဒေသတွင် လုံခြုံရေးယူ စောင့်ကြပ်နေသည့် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များကို ဆီးရီးယား သူပုန်တပ်များက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ဖိလစ်ပိုင်မှ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် နေရာကို သူပုန်တပ်များက ထရပ်ကားများဖြင့် ဝင်တိုက်ကာ ချိုးဖျက်ကျူးကျော်ရန် ကြိုးစားခဲ့သော်လည်း စစ်သည်များက တောင့်ခံနိုင်ခဲ့ကြောင်း ဖိလစ်ပိုင်စစ်တပ်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အစ္စရေးသည် ဆီးရီးယားပိုင် ဂိုလန်ကုန်းမြင့်ဒေသ ဧရိယာများနှင့် နယ်နိမိတ် ထိစပ်နေသည့် ကူနက်ထရာ နယ်ခြားဖြတ်ကျော် စခန်းကို အထူးဂရုပြု စောင့်ကြည့်လျက် ရှိသည်။ ပြီးခဲ့သည့် သီတင်းပတ်က ဆီးရီးယားဘက်မှ ပစ်လွှတ်လိုက်သည့် ဒုံးကျည်အချို့ အစ္စရေးပိုင်နက်ဘက် ကျရောက် ပေါက်ကွဲခဲ့ပြီး အသေအပျောက် အထိအခိုက် မရှိခဲ့ကြောင်းလည်း သိရှိရသည်။

အစ္စရေးသည် ဂိုလန်ကုန်းမြင့် ဒေသ၏ (၁၂၀၀) စတုရန်း ကီလိုမီတာမျှ ကျယ်ဝန်းသော အစိတ်အပိုင်းကို (၁၉၆၇)ခုနှစ်က ဖြစ်ပွားသည့် (၆)ရက်စစ်ပွဲတွင် သိမ်းယူခဲ့ပြီး (၁၉၈၁)ခုနှစ်တွင် နိုင်ငံတကာ ဖိအားပေးမှုများကို ဆန့်ကျင်ကာ ၎င်းတို့၏ ပိုင်နက်အဖြစ် သိမ်းသွင်းခဲ့သည်။

_Ref: Channelnewsasia

Unknownhttp://www.blogger.com/profile/00343102412854564609noreply@blogger.com0