Saturday, February 08, 2014

ယာဉ်တိုက်မှုကို မှတ်တမ်းတင် ဓာတ်ပုံရိုက်၍ ယာဉ်မောင်းက ဓားဖြင့်လိုက်ခုတ်

Posted by drmyochit Saturday, February 08, 2014, under | No comments

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

မရမ်းကုန်းမြို့နယ် ကမ္ဘာအေး ဘုရားလမ်းပေါ် ဂန္ဓမာလမ်းထောင့်ရှိ မီးပွိုင့်တွင် ဖေဖော်ဝါရီလ ၆ ရက် ညနေ ၅ နာရီခန့်က မီးပွိုင့် မီးနီ ပြထားသောကြောင့် ယာဉ်များ ရပ်ထားစဉ် ယာဉ်တိုက်မှု ဖြစ်ခဲ့ရာ မှတ်တမ်းတင် ဓာတ်ပုံရိုက်သည့် အတိုက်ခံရသူကို ယာဉ်နှစ်စီးတိုက်မှု ကျူးလွန်ခဲ့သူ ယာဉ်မောင်း အမျိုးသားက ဓားဖြင့် လိုက်ခုတ်ခဲ့ကြောင်း မရမ်းကုန်း မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ချော်တွင်းကုန်းဘက်မှ ရှစ်မိုင် မီးပွိုင့်ဘက်သို့ Total ရေနံကုမ္ပဏီမှ အသက် ၄၁ နှစ်အရွယ်ရှိ ဦးအောင်သီဟ မောင်းလာသော KIA SORENTO SUV အမျိုးအစားယာဉ်သည် အဆိုပါ ဂန္ဓမာလမ်းထောင့် မီးပွိုင့်အရောက် မီးနီမိ၍ ရပ်ထားစဉ် ၎င်းယာဉ်နောက်မှ MAZDA RX-8 အမျိုးအစားယာဉ်က ဝင်တိုက်မိသောကြောင့် ယာဉ်တိုက်မိသည့် နေရာကို ဦးအောင်သီဟက ဖုန်းဖြင့် မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ယူနေစဉ် အဆိုပါ MAZDA RX-8 ယာဉ်မှ ယာဉ်မောင်း အမျိုးသားက အရှည် တစ်ပေခန့်ရှိ မြက်ခုတ်ဓားဖြင့် ဦးအောင်သီဟကို လိုက်ခုတ်သောကြောင့် ထွက်ပြေးခဲ့ရကြောင်း မရမ်းကုန်း မြို့မ ရဲစခန်းထံမှ သိရှိရသည်။

“ဓာတ်ပုံရိုက်လို့ စကားများရာက ဖြစ်ကြတာ။ ရန်ကုန်မြို့မှာ အသေးအမွှား ယာဉ်တိုက်မှုဖြစ်တာက လူတိုင်းအတွက် နေ့စဉ် ကြုံတွေ့နေရတာဆိုတော့ အချင်းချင်း ပြေလည်အောင် ညှိနှိုင်းပြောကြရင် ဒီလိုမျိုး ဖြစ်လာမှာမဟုတ်ဘူး။ လတ်တလော ဓားနဲ့လိုက်ခုတ်တဲ့သူက အင်းစိန်၊ ဖော့ကန် ရပ်ကွက်မှာ နေတယ်လို့ စုံစမ်း သိရှိထားတယ်” ဟု မရမ်းကုန်းမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့စုမှ ရဲအရာရှိတစ်ဦးက ဆိုသည်။

အဆိုပါ ယာဉ်တိုက်ရာမှ ဓားဖြင့် လိုက်ခုတ်သည်ဟု တိုင်ကြားခံရသူကို မရမ်းကုန်း မြို့မရဲစခန်းမှ (ပ)၃၇/ ၁၄၊ ပုဒ်မ ၃၀၇ ဖြင့် အမှုဖွင့်ပြီး စုံစမ်း ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

ရန်ကုန်မြို့အတွင်း ယာဉ်ကြောကျပ်သော နေရာများရှိ မီးပွိုင့်အချို့တွင် မီးစိမ်းမှ မီးနီပြောင်းစဉ် မီးဝါ အချက်ပြမှုများ မရှိခြင်း၊ မီးပွိုင့်အချို့မှာ ပျက်နေခြင်းများကြောင့် ယာဉ်များ အရှိန်လွန်ပြီး တစ်စီးနှင့်တစ်စီး ယာဉ်တိုက်မှုများ နေ့စဉ် ဖြစ်ပွားနေသည်ကို ကြုံတွေ့နေရကြောင်း မြို့တွင်း အငှားယာဉ်မောင်းများထံမှ သိရသည်။

The Voice Weekly

ရန်ကုန် မီးပွိုင့် ယာဉ်တိုက်မှု တခုအား တွေ့ ရစဉ် 

ပါတီပွဲများတွင် ဝင်ဆံ့လှသူ တစ်ဦးမဟုတ်ဟု အမ်မာဝပ်ဆန် ဝန်ခံ

Posted by drmyochit Saturday, February 08, 2014, under | No comments


Harry Potter ဇာတ်ဆောင် မင်းသမီးက သူမသည် ပါတီပွဲများ၊ ပျော်ပွဲရွှင်ပွဲများတွင် အတန်ငယ် မနေတတ် မထိုင်တတ်နှင့် ကျင့်သားမရ ဖြစ်နေတတ်သည်ကို မပြင်နိုင်သေးကြောင်း ဆိုသည်။

သူမသည် ဆိုရှယ်ကျကျ အသိုင်းအဝိုင်းတွင် ဝင်ဆံ့လှသူ တစ်ဦးမဟုတ်ကြောင်း အမ်မာဝပ်ဆန်က ဖွင့်ဟ ပြောကြားခဲ့သည်။ Harry Potter ဇာတ်ဆောင် မင်းသမီးက သူမသည် ပါတီပွဲများ၊ ပျော်ပွဲရွှင်ပွဲများတွင် အတန်ငယ် မနေတတ် မထိုင်တတ်နှင့် ကျင့်သားမရ ဖြစ်နေတတ်သည်ကို မပြင်နိုင်သေးကြောင်း ဆိုသည်။ အသက်(၂၃)နှစ်ရှိ ဗြိတိသျှ မင်းသမီးလေးက "ကျွန်မနဲ့ ပတ်သက်ပြီး ချီးကျူးစကားတွေ မျိုးစုံ ကြားဖူးခဲ့ပါတယ်။ ဒါပေမဲ့ ပါတီပွဲတွေနဲ့ ပတ်သက်လို့တော့ မပါခဲ့ဘူး။ ကျွန်မက ရှက်တတ်တယ်။ ပေါင်းသင်းဆက်ဆံရေး နယ်ပယ်မှာလည်း နည်းနည်း ဂွတီးဂွကျ ဖြစ်နေတတ်တယ်။ အထူးသဖြင့် ကိုယ်ရောက်နေတဲ့ ပါတီကို မကြိုက်ဘူးဆိုရင် ဒါမျိုးက ပိုသိသာတယ်"ဟု ဆိုသည်။
အမ်မာက "တစ်ခါတစ်လေတော့လည်း ရေချိုးခန်းထဲ သွားပြီး တစ်ယောက်တည်း နေနေတယ်။ မျက်စိအရမ်းရှုပ်လာရင် ကျွန်မစိတ်ကို အနားပေးဖို့ လိုတယ်လေ။ ကျွန်မရဲ့ အလုပ်အကိုင် သဘောအရ ပါတီပွဲတွေနဲ့ ဖယ်ခွာနေလို့တော့ မရပါဘူး။ ဒါပေမဲ့ ကျွန်မက စိတ်ရှုပ်လွယ်တယ်။ တစ်ခါတစ်လေမှာ စကားများများ ပြောသင့်ပေမယ့် ဆိုးဆိုးရွားရွား စကားနည်းနေတတ်ပြန်ပါတယ်"ဟုလည်း ဝန်ခံခဲ့သည်။ သူမက အတန်ငယ် အသက်ရလာချိန်တွင် အလုပ်အကိုင်နှင့် ပတ်သက်၍ ချဉ်းကပ်မှုများ၌ ပိုမိုရင့်ကျက်လာသည်ဟု ခံစားမိကြောင်းလည်း မှတ်ချက်ပြုခဲ့သည်။

"ကျွန်မခုဆို ကိုယ့်ကိုယ်ကိုယ် သေချာဂရုစိုက်တတ်လာပြီ။ တစ်ယောက်တည်း ရင်ဆိုင်ရမယ့် အခြေ အနေတွေ အတွက် ပြင်ဆင်တတ်လာတယ်။ စိတ်ဖိစီးမှုတွေကို ဘယ်လို တွန်းလှန်ရမယ် ဆိုတာကိုလည်း သိလာပါတယ်။ ပတ်ဝန်းကျင်မှာ ကောင်းတဲ့ အပေါင်းအသင်းရော၊ ဆိုးတဲ့အပေါင်းအသင်းပါ ရှိလိမ့်မယ်။ ဒါတွေကို ကိုယ့်ဖာသာ ရွေးနုတ်ပြီး သိရလိမ့်မယ်။ ကိုယ်က အရာရာကို လုပ်နိုင်တဲ့သူ မဟုတ်မှန်းလည်း နားလည်ဖို့ လိုပါတယ်။ တစ်ခါတစ်လေတော့လည်း စိတ်ရောကိုယ်ပါ အနားယူရတာမျိုးကို မဖြစ်မနေ ရွေးချယ်ရပါလိမ့်မယ်"ဟုလည်း အမ်မာက ပြောဆိုသွားသည်။

From : Planet Myanmar Network 

( ချစ်သူများနေ့ ) တကယ်ချစ်တဲ့ သူတွေအတွက် ဝတ္တုလက်ဆောင်

Posted by drmyochit Saturday, February 08, 2014, under | No comments


အလွန်ချစ်ကြသော ချစ်သူနှစ်ဦး ရှိပါတယ်။ ရည်စား သက်တမ်းကလည်း အတော်ကြာပြီ ဆိုတော့ ၎င်းတို့နှစ်ယောက်ဟာ လက်ထပ်တော့မှာ ဖြစ်ပါတယ်။ အခြားသူတွေ အားကျလောက်အောင် လည်း အလွန်လိုက်ဖက်သော စုံတွဲတစ်တွဲ ဖြစ်ပါတယ်။

တစ်နေ့မှာတော့ ကောင်မလေး၏ ချစ်သူဟာ ခရီးတစ်ခု သွားပါတယ်။ ကံမကောင်းစွာပဲ ကားမှောက်ခဲ့တယ် ဆိုပါတော့။ ဒါကြောင့် ကောင်လေး၏ လက်တွေ ခြေထောက်တွေ အကုန်လုံးကို ဖြတ်လိုက်ရပါတော့တယ်။
ဒါကြောင့် ဆေးရုံးမှာ ရက်ပေါင်း အတော်ကြာအောင် ဆေးကုသမှုတွေ ခံယူရပါတယ်။ ဆေးရုံမှာ ရက်အတော်ကြာ နေပြီးနောက် ဆေးရုံကနေ ဆင်းရပါတော့တယ်။ ခြေမရှိ ၊ လက်မရှိနဲ့ ဆိုတော့ အလွန်ပဲ ဒုက္ခရောက်တာပေါ့။

ကောင်လေးဟာ အလွန်ပဲ စိတ်ဓာတ်ကျ သွားပါတော့တယ်။ ဘယ်လောက်ထိတောင် စိတ်ဓာတ်ကျသွားလည်း ဆိုတော့ လူ့လောကထဲမှာ မနေချင်တော့လောက်အောင် ကောင်လေးစိတ်ဓာတ် ကျသွားပါတော့တယ်။

ထိုအချိန်ကနေ စပြီး ကောင်လေး၏ ချစ်သူဟာ မညဉ်းမညူဘဲနဲ့ ကောင်လေး၏ ဝေရာ ဝစ္စတွေကို ရက်ပေါင်း များစွာ၊ လပေါင်း များစွာ၊ နှစ်တွေ ကြာအောင် ပြုစု စောင့်ရှောက် ပေးခဲ့ပါတယ်။ ဘယ်လောက်ထိအောင်လည်း ဆိုရင် ကောင်လေး သွားချင်တဲ့ နေရာတိုင်းကို ဂုံးပိုးပြီး လိုက်ပို့ပါတယ်။

သူတို့ နှစ်ယောက်ရဲ့ အချစ်ရေးဟာ ကံမကောင်းဘူးလို့ပဲ ဆိုရမှာလား မသိပါဘူး။ လက်ထပ်ခါနီးမှ အခုလို အဖြစ်ဆိုကြီးနဲ့ တိုက်ဆိုင်စွာ ကြုံတွေ့ လိုက်ရတယ်။ အလွန်ဝမ်းနည်း စရာလည်း ကောင်းလွန်ပါတယ်။ အခုလက်ရှိ အတိုင်းဆို သူတို့နှစ်ယောက်ဟာ လက်ထပ်ဖို့ မဖြစ်နိုင်ဘူး ဖြစ်နေတာပေါ့။

တစ်နေ့ ဆေးရုံကို သူတို့နှစ်ယောက် သွားကြတယ်။ ဆရာဝန်ဆီက မင်္ဂလာ သတင်းတစ်ခုကို ကြားသိ လိုက်ရတယ်။ အဲဒါကတော့ လူကောင်း ပကတိလိုမျိုး ခြေထောက်နှင့် လက်တွေကို အစားထိုးပေးမယ် ဆိုတဲ့ သတင်းပါပဲ။ ဒါကြောင့် သူတို့ ချစ်သူနှစ်ဦး အရမ်းပျော်သွားကြပါတယ်။ ကောင်မလေး ဖြစ်သူဆိုရင် ပျော်လွန်းလို့ မျက်ရည်တွေတောင် ကြပါတယ်။

ဒီလိုနဲ့ ကောင်းလေး၏ အစားထိုး ကုသတဲ့ အောင်မြင်သွားပါ တော့တယ်။ လူကောင်း ပကတိလိုမျိုးတော့ မဟုတ်ပေမယ့် သွားလာလှုပ်ရှား လို့ရနိုင်ပါတယ်။ ဒါကြောင့် သူတို့ နှစ်ယောက် မင်္ဂလာဆောင်လိုက် ကြပါတယ်။

ကံဆိုးမှုတွေကို သူတို့နှစ်ယောက် ရင်ဆိုင် ကြုံတွေ့လိုက် ရပေမယ့် ကောင်မလေးဟာ ကောင်လေး၏ အပေါ် စိတ်ပျက် ငြီးငွေ့ခြင်း မရှိဘဲ ပြုစု စောင့်ရှောက်ပေးခဲ့တယ်။ ဒါကြောင့် ကောင်မလေး၏ စိတ်ဓာတ်ကို လေးစားဖို့ ကောင်းလွန်းပါတယ်။ ဒါကြောင့် သူတို့နှစ်ယောက်ဟာ နောက်ဆုံးမှာတော့ အတူ ဘဝလက်တွဲဖော် ဖြစ်သွားကြပါတယ်။

ကောင်မလေးသာ အဲဒီလိုပြုစု ယုယ မှုတွေ မပေးဘူးဆိုရင် ကောင်လေးဟာလည်း လူ့လောကမှာ ရှိတော့မည် မဟုတ်ပါဘူး။ သူတို့ချစ်သူနှစ်ဦးဟာ အရင်လိုမျိုး ပျော်ရွှင်စရာကောင်းပြီး၊ အများအားကြထိုက်တဲ့ ဆုံတွဲ ဘဝကိုလည်း ပြန်လည်ရောက်ရှိလို လာမည်မဟုတ်ပါဘူး။

အချစ်ဆိုတာဟာ အေးချမ်းမှုတွေကိုပဲ ပေးတာ မဟုတ်ပါဘူး ပှုလောင်တွေကိုလည်း ရရှိစေပါတယ်။ ပှုလောင်မှုတွေ ရရှိလာချိန်မှာ မခံစားနိုင်ဘူးဆိုလျှင် ရင်ထဲမှာ အချစ်စစ် မဟုတ်လို့ပါ။

From : ကျော်လင်းနိုင် (MM Social Sky)

(၁၄)နှစ်အရွယ် ၇ တန်းကျောင်းသားနှစ်ဦး ပျောက်ဆုံးနေ

Posted by drmyochit Saturday, February 08, 2014, under | No comments



ရန်ကုန်၊ ဖေဖော်ဝါရီ ၈။

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်မှ (၁၄) နှစ်အရွယ် ၇ တန်း ကျောင်းသားနှစ်ဦးသည် ဖေဖော်ဝါရီ ၇ ရက်နေ့ နံနက် ၈ နာရီခန့်တွင် နေအိမ်မှ မုန့်ထွက်ဝယ်မည်ဟုပြောဆိုပြီး ထွက်ခွာသွားရာ ယခုအချိန်ထိ နေအိမ်သို့ ပြန်လည်ရောက်ရှိခြင်းမရှိပဲ ပျောက်ဆုံးနေကြောင်း သိရသည်။ အဆိုပါ ကလေးနှစ်ဦးမှာ မောင်သီဟဇော် -မွေးနေ့(၂၄-၃-၂၀၀၀)၊ အဖ-ဦးသန်းမြင့်ထွန်း၊ အမိ-ဒေါ်စိုးစိုးလှ၊ အိမ်အမှတ် ၁၁၅/ခ အဝေရာလမ်း၊ အမှတ် (၁၁)ရပ်ကွက်၊ လှိုင်သာယာမြို့နယ် နှင့် မောင်အောင်ချမ်းမြေ့ -မွေးနေ့(၇-၃-၂၀၀၀)၊ အဖ-ဦးမောင်မောင်နိုင်၊ အမ-ဒေါ်သင်းသင်းမြတ်၊ အိမ်အမှတ် က/၂၇၈ မေတ္တာလမ်း၊ လှိုင်သာယာမြို့နယ် နေသူကလေးနှစ်ဦးတို့ဖြစ်ကြပြီး၊ ယခုအချိန်ထိ သတင်းတစ်စုံတစ်ရာ ရရှိခြင်းမရှိကြောင်း သိရသည်။ မိဘများမှာ လွန်စွာစိုးရိမ်ပူပန်လျှက်ရှိကြပြီး၊ အဆိုပါကလေးနှစ်ဦးကို တွေ့ရှိပါက မိခင်ဖြစ်သူ ဒေါ်စိုးစိုးလှ ဖုန်းနံပတ် 09-73220206 သို့ ဆက်သွယ်အကြောင်းကြားပေးကြပါရန် တင်ပြအပ်ပါသည်။

(ကျေးဇူးပြု၍ ဖြန့်ဝေပေးကြပါခင်ဗျာ)

Hinthata HumanRights 

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်