Tuesday, September 10, 2013

နိုင်ငံရေးအား အကြောင်းပြပြီး လုပ်စားနေကြောင်း ပြောကြပြီ

Posted by drmyochit Tuesday, September 10, 2013, under | No comments



      မနေ့က ရန်ကုန်၊ပြည်သူ့ လူမှုကွန်ရက်အဖွဲ့ ရုံးခန်းမှာ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ ကျင်းပချီ တက်ကြမယ် ဆိုတာ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲမှာ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ ၀င်တွေကော ၊ပြည်တွင်းအဖွဲ့အစည်းများမှ အဖွဲ့ဝင်တော်တော် များများတက်လာကြ တာတွေ့ ရပါတယ်။

        အစည်းအဝေးဆိုလို့ ဘာများလုပ်မလဲပေါ့။ယောင်လည်လည်နဲ့ သွားကြည့်မိတာ "တစ်နိုင်ငံလုံး သင့်မြတ်" ဆိုတဲ့ တီရှပ်တွေ၊ စတစ်ကာတွေ၊ ခေါင်းစည်းတွေ ဖြန့် ဝေမယ်ဆိုတဲ့  အစည်းအဝေးဖြစ်နေ မှန်းသိတယ်။ အားလုံးဝေပြီးရင်ထုံးစံအတိုင်းစုပေါင်းလမ်းလျှောက် ကြမယ်ပေါ့။

    အဲ့ဒီလိုလမ်းလျှောက်ချီတက်နိုင်ဖို့  သက်ဆိုင် ရာကိုလဲ ခွင့်ပြုမိန့် တင်ထားတယ်ဆိုပဲ။ ခွင့်ပြုမိန့် မရရင် တရားဥပဒေ အကြောင်း၊ စည်းကမ်း အကြောင်း တွင်တွင်ပြောလေ့ရှိကြတဲ့ နိုင်ငံရေးသမားများ ကစည်းကမ်းလိုက်နာကာခွင့်ပြုမိန့်မရလဲပဲလမ်းလျှောက်ချီတက်ကြမယ်လို့ သိရပါတယ်။

   လမ်းလျှောက်ချီတက်ရန်လည်းတီရှပ်ပေါင်း အထည် ၈၀၀၀ ခန့်၊ စတစ်ကာပေါင်း ၄၀၀၀၀ ခန့် နဲ့ နဖူးစည်း ၇၀၀၀ လောက်တောင် ဖြန့်ဝေသွားမယ်ဆိုပဲ။ နိုင်ငံရေးသမားတွေ သုံးနေကျစကားဖြစ်တဲ့ နိုင်ငံတော်ကြီး ဆင်းရဲနေတယ်ဆို။ ဘာလို့ ပိုက်ဆံတွေကို အဲ့ဒီလို ပွဲတွေလုပ်ပြီးဖြုန်းနေကြတာလဲဆိုတာ စဉ်းစား လို့မရဖြစ်နေတယ်။ ကျနော်တို့ နိုင်ငံက နိုင်ငံရေးသမားဆိုသူတွေက ပွဲတွေလုပ်တာလောက်ပဲ ၀ါသနာ ရှိကြပြီး တိုင်းပြည်အတွက် အလုပ်လုပ်ဖို့ ကျတော့ လက်တွန့် နေကြတယ်လို့ ထင်တယ်ဗျာ။ ပွဲတွေလုပ် ပြီး ငွေဖြုန်းဖို့ ဘယ်သူက ဘယ်လိုစပွန်ဆာတွေ ပေးပြီး လုပ်နေလဲဆိုတာ နိုင်ငံရေး လုပ်စားသူတွေ သိမှာပေါ့လေ။

     အရင်အစိုးရလက်ထပ်မှာနိုင်ငံရေးလုပ်စားဆိုသူတွေက ပြည်တွင်းမှာနည်းပါးပြီး ပြည်ပကနေတစ်ဆင့် နိုင်ငံရေးလုပ်စားကြတယ်။အခုဒီမိုကရေစီ အစိုးရလက်ထပ်လဲပြောင်းကော ပြောင်းလဲ လာတာ က ပြည်တွင်း မှာ ၈၈ မျိုးဆက်ကျောင်းသားဆိုသူတွေ၊ နိုင်/ကျဉ်း ဆိုသူတွေ စတဲ့ နိုင်ငံရေးလုပ်စား သူတွေများလာတယ်။နောက်ပြီးပြည်ပမှာအရင်ကနိုင်ငံရေးလုပ်စားနေသူတွေအခုချိန်မှာ ပြည်တွင်း ကို မျက်နှာပြောင်တိုက်ပြီး ၀င်ရောက်ကာ နိုင်ငံရေးဗိသုကာကြီးတွေကဲ့သို့ နေထိုင်ပြီး နိုင်ငံရေးလုပ်စားနေ ကြတာလဲ တွေ့ နေရပါတယ်။

       နိုင်ငံတော်ကြီး ဘယ်လိုပဲ ပြောင်းလဲနေပါစေ။ နိုင်ငံရေးလုပ်စားသူတွေရဲ့ ပုံစုံကတော့ အခုအချိန်ထိ မပြောင်းလဲသေးတာ တွေ့ ရပါတယ်။ ကိုယ်နဲ့ ဆိုင်တဲ့ ပွဲတွေကော၊ မဆိုင်တဲ့ ပွဲတွေကောပြုလုပ်ကာ ပွဲကိုဗန်းပြပြီး စပွန်ဆာရှာ လုပ်စားနေကြတာ တိုင်းပြည်အတွက်လဲ အကျိုး မရှိစေသလို တိုင်းပြည် အနာဂတ် အတွက်လဲ အကျိုးရှိမည်မဟုတ် ပါ။ကျနော်မြင်နေ၊ တွေ့ နေ ရ သလောက်တော့ ခေါင်းစဉ် အမျိုးအမျိုး တပ်ပြီး ပွဲတွေလုပ်နေတာပဲ တွေ့ နေရပါတယ်။ဒါကြောင့် ကျနော် တို့ နိုင်ငံအနေဖြင့် အခုလို နိုင်ငံရေးသမား ပွဲစားဆိုသူတွေ များပြားနေလျှင်ဖြင့် နောင် အနာဂတ် အတွက်တော့ ရင်လေးစရာ ဆိုတာပဲ တွေးမိပါသည်။

      အခုပြုလုပ်မယ့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ မှာ "တစ်နိုင်ငံလုံးငြိမ်းချမ်း"စာတမ်းပါ တီရှပ်တွေဝတ်၊ခေါင်း စည်းတွေစည်း၊ စတစ်ကာတွေကပ်ကာ လမ်းလျှောက်ချီတက်ကြမည့် ဂ၇ုနာရှင် လမ်းလျှောက် သူရဲကောင်းများကို ဝေဖန်အကြုံပြုချင်တာကတော့ မြန်မာနိုင်ငံသားများ သင့်သင့်မြတ်မြတ်ဖြစ်နေကြပြီ ဖြစ်သည့်အတွက်  မသင့်မမြတ်ဖြစ်နေကြသော ဆီးရီးယားနိုင်ငံသို့ သွားရောက်ကာ ဆုတောင်း လမ်းလျှောက်ကြပါ လို့ အကြံပြုပါရစေ။

From:OE

ဓာတ်ဆီ သို့မဟုတ် ဒီဇာယ်ကို ဘယ်အချိန်တွေမှာ ဖြည့်သင့်သလဲ

Posted by drmyochit Tuesday, September 10, 2013, under | 2 comments

လောင်စာဆီကို အသုံးပြုနေရသော စက်ပစ္စည်းများ အတွက် ဆောင်သင့် ရှောင်သင့်သော အကြံပြုချက် တစ်ချို့ကို ရေးသား လိုက်ရဖြင်း ဖြစ်ပါတယ်။

မိမိ၏ စက်ပစ္စည်း တစ်ခုခုကို ဓာတ်ဆီ သို့မဟုတ် ဒီဇာတ် ဖြည့်တော့မယ် ဆိုရင် နံနက်စောစောပိုင်းနှင့် ညပိုင်းတို့မှာ ဖြည့်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လောင်စာဆီ၏ သဘော သဘာဝက အပူချိန်များလျှင် မြင့်တက်ပါတယ်။ ဒါကြောင့် နံနက်ခင်း အေးနေတဲ့ အချိန် ဒါမှမဟုတ် ညဘက် အေးနေတဲ့ အချိန်တွေမှာ ထည့်သင့် တယ်လို့ ဆိုပါတယ်။ အလွန်ပူနေတဲ့ နေ့လယ် နေ့ခင်းတွေမှ တတ်နိုင်သလောက် မထည့်ပါနဲ့။

တင့်ကား ဒါမှမဟုတ် အသွားအလာနည်းသော ကားကြီးတွေကို ဆီဖြည့်တော့မယ် ဆိုလျှင် အပြည့် မဖြည့်ပါနဲ့။ အဘယ်ကြောင့် ဆိုသော် ၎င်းကားများသည် အသုံးပြုမှု နည်းသောကြောင့် မြေပြင်ပေါ်တွင် ရက်အတန်ကြာ ရပ်နားထား ရသောကြောင့် အလိုအလျောက် ဆီများ အငွေ့ပျံ့ပြီး ခန်းခြောက် သွားနိုင်လို့ပါ။

နောက်ထပ် အကြံပေးချင်တာက ဖုန်စသည့် အမှုန်အမွှားတွေ ပျံ့လွှင့်နေသော နေရာတွေမှာ ဆီမဖြည့်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ ဖုန်မုန့်တွေဟာ ဆီတိုင်ဆီ အတွင်းသို့ ရောက်သွားပါက ဆီသွားမယ့် လမ်းကြောင်းကို ပိတ်စေတဲ့ အပြင် ဆီကိုလည်း ညစ်ညမ်းစေပါတယ်။

ဆီများ ညစ်ညမ်းပြီဆိုလျှင် စက်အင်ဂျင်ကို ထိခိုက်စေနိုင်ပါတယ်။
အနည်းဆုံး နှစ်ပတ်တစ်ကြိမ်လောက် ကားဘီးလေများကို စစ်ဆေးပေးပါ။ ကာဘီးများကို နှစ်ပတ်တစ်ကြိမ် စစ်ဆေးပေးခြင်းဟာ လေလျော့ မလျော့ ကို သိရှိနိုင်ပါတယ်။ ကာဘီးလေ လျော့တာဟာ ဘီးလည်အားကို နည်းကွေး စေတဲ့အပြင် အင်ဂျင်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။

ဘာလို့ အင်ဂျင်ကို ထိခိုက်နိုင်သလဲဆိုရင် လေလျော့နေခြင်းကြောင့် အင်ဂျင်ဆွဲသလောက် ဘီးလိုက် ပြီးမလည်ပါဘူး။ ခရီးဝေးသွားလျှင် ဘီးလေမရှိခြင်းက အသက်တန္တရာယ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။
၅ နှစ်မှာ တစ်ကြိမ်လောက် ပလပ်ခေါင်းတွေကို သန့်ရှင်းပေးပါ။ အရေအသွေး ကောင်းသော ပပလပ်ခေါင်းတွေကို အသုံးပြုသင့် ပါတယ်။

အင်ဂျင်၏ ဘေးမှာ လေအေးပေးစက် ကောင်းကောင်း ထားသင့်ပါတယ်။ သို့မှသာ အင်ဂျင်ကို အပူသက်သာစေမှာ ဖြစ်ပါတယ်။ ခရီးဝေးတစ်ခုကို သွားတော့မယ်ဆိုလျှင် ဆီ၊ ရေ၊ လေ သုံးမျိုးကို အမြဲတန်း စစ်ဆေးပါ။ ၎င်းသုံးမျိုးဟာ ကားတစ်စီးအတွက် အလွန်ပဲ အရေးကြီးသော ကဏ္ဍဖြစ်ပါတယ်။ အဲဒီသုံးမျိုးထဲက တစ်ခုခု လိုအပ်နေရင် ခရီးရှည် မသွားတာ အကောင်းဆုံးပါ။ အသက်အန္တရာယ်ကို ထိခိုက်စေနိုင် ပါတယ်။

နောက်ဆုံး အကြံပေးချင်တာက မိမိစက်ပစ္စည်းများကို အလျင်သင့်ရင် သင့်သလို သန့်ရှင်းရေးများ ပြုလုပ်ပေးစေ ချင်ပါတယ်။ အမှုန်အမွားတွေက ဆီကို ညစ်ညမ်းစေ ပါတယ်။ ထို့ပြင် တစ်ခြားနေရာများမှာလည်း ပိတ်ဆို့ မှုတွေကို ဖြစ်နိုင်ပါတယ်။

Ref - General Knowledge
ကျော်လင်းနိုင် (ရိုးရာလေး)

VRoot (မြန်မာလို ဆောဝဲ) Andriod ဖုန်း တွေနဲ့ Tablet အားလုံးနီးပါးကို Root နိုင်တဲ့ ဆောဝဲ (For Window XP/7/8)

Posted by drmyochit Tuesday, September 10, 2013, under | 1 comment



Andriod ဖုန်း တွေနဲ့ Tablet အမျိုးစား အားလုံးနီးပါး ကို VRoot က Root ပေးနိုင်ပါတယ်။ Andriod ဖုန်းတော်တော်များများကို Root ပေးနိုင်တဲ့ ဆောဝဲကောင်းလေးပါ။ အရမ်းလည်းအသုံးဝင်ပါ တယ်။ ဒီ ဆောဝဲလေးက မြန်မာလိုမျိုး ဆိုတော့ Root ရတာပိုလွယ်ပါတယ်။ ဒီနေ့ပဲ ဖုန်း၂ လုံး ကျနော့်ဆီ လာပြီး မြန်မာဖောင့်လာထည့်ပါတယ်။ ကျနော် Unlock Root Pro နဲ့ Root တာ တလုံးကအဆင်ပြေပြီး ကျန်ဖုန်းတလုံးကမရဖြစ်နေတာ။

အဲတာနဲ့ VRoot လေးကို ဆိုဒ်တဆိုက်ကနေ တွေ့ထားလို့ မြန်မာလို ပြောင်းနည်းပါ တခါတည်း ရေးထား လို့ ကျနော်ကိုယ်တိုင် စမ်းသပ်ပြီး Root စမ်းကြည့်တာ အရမ်းကိုလွယ်ပြီး မြန်လည်းမြန်ပါတယ်။ ဆောဝဲ က မြန်မာversion ဆိုတော့ အတော်လေးအဆင်ပြေပါတယ်။ Andriod Version 1.2 ကနေ 4.2.2 ထိအဆင်ပြေပါတယ်။ ဖုန်း Driver သာ ပြည့်စုံနေပါစေ Root သာက အရမ်းကိုလွယ်ပါတယ်။ အောက်မှာ ပုံတွေနဲ့ ဆောဝဲ install နည်းပါ တခါတည်းရေးပြထားပါတယ်။

အရင်ဆုံး VRoot Font ကို ဒီလင့်မှာ ဒေါင်းပြီး ကွန်ပြူတာမှာ install ပါ။ ပြီးရင် ပြီးရင် VRoot ဆောဝဲကို ဒီလင့်မှာ ဒေါင်းပါ။ ဒေါင်းပြီးရင် VRoot ကိုကွန်ပြူတာမှာ install လုပ်ပါ။ ပြီးရင် နောက်တခု က Rootres.zip ကို ဒီလင့်မှာ ဒေါင်းထားလိုက်ပါ။ ပြီးရင် Dasktop က VRoot Icon ညာကလစ်ထောက် လိုက်ပြီးရင် အောက်ကပုံအတိုင်းဆက်ကြည့်လိုက်ပါ။



ပုံမှာပြထားတဲ့အတိုင်း Open File Location ကိုဝင်ပြီး အထဲမှာရှိတဲ့ Rootres.zip ကို ပြစ်ထုတ်လိုက်ပြီး ခုန က ဒေါင်းထားတဲ့ Rootres.zip ကို အဲနေရာမှာ ထည့်လိုက်ပါ။


ဒီအဆင့်ပြီးရင်တော့ အားလုံးအဆင်ပြေပါပြီ။ VRoot ဆောဝဲလေးက မြန်မာ version နဲ့ အဆင်ပြေပြေ အသုံးပြုလို့ရပါပြီ။ ဆိုက်တဆိုက်ကနေ တွေ့လို့ ကျနော်ကိုယ်တိုင် နည်းလေးကိုပြန်ရေးထားတာပါ။ အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျနော် ဖုန်းတွေကို Root နေစဉ် ရိုက်ထားတဲ့ Screenshots လေးပါ အောက်မှာ ပြထားပေးပါတယ်ဗျာ။ ကြည့်ကြည့်လိုက်ပါ အရမ်းလန်းပါတယ်။

VRoot Screenshots






ဖုန်းတွေကို Root နေစဉ် ရိုက်ထားတာလေးတွေပါ။ မြန်မာစာနဲ့ဆိုတော့ အရမ်းကို အဆင်ပြေပါတယ်။ Root တာလည်းအရမ်းကို အဆင်ပြေ ပါတယ်။ ဖုန်းတွေ မြန်မာဖောင့် ထည့်ဖို့ Root မယ်ဆိုရင် ဒါလေးက တကယ် ကို ကောင်းပါတယ်ဗျာ။

အားလုံးအဆင်ပြေပါစေ.......။
ဇော်မင်းသန်း.
 http://goo.gl/Zm0Axv

ကျိုင်းလပ်မြို့နယ်ခွဲတွင် လက်နက်၊ မူးယစ်ရောင်းချသူများကို ဖမ်းမိ

Posted by drmyochit Tuesday, September 10, 2013, under | No comments


ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရွှေတြိဂံဒေသ တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့နယ်ခွဲ ကျခမ်းကျောက် ကျေးရွာအုပ်စု၊ ကျခမ်းဆောင် ကျေးရွာရှိ နေအိမ်တွင် စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၄နာရီ ၄၅ မိနစ်ခန့်က လက်နက်နှင့် မူးယစ်ဆေးဝါး ရောင်းချသူ အကျိုးဆောင်များကို ဖမ်းမိကြောင်း တာချီလိတ်ခရိုင် မူးယစ် ( အထူး) အဖွဲ့မှ ရဲအုပ်မြင့်လွင်က ပြောကြားသည်။

ဦးအိုက်ဆေး (ခ) အားဆေ၏ နေအိမ်သို့ ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက် ရှာဖွေရာ ၎င်းကိုမတွေ့ဘဲ ၎င်း၏ဇနီး ဒေါ်လိုဒေါနှင့် သမက်ဖြစ်သူ ဦးအိုက်မားတို့ထံမှ လောင်ချာကျည် (ခေါ် ) ၄၀ မမ ဗုံးသီး ၂၆၅ လုံး၊ အေကေ ၄၇ ကျည် ၁၀၀၀ တောင့်၊ ကဖင်း ၃၀ ကီလို၊ ကျည်အိမ် ခြောက်ခုနှင့် စိတ်ကြွဆေးပြား အကြေ ၁၅ ဂရမ်၊ ဘိန်းစိမ်း ၈၀ဂရမ်၊ ကိုးလုံးကျည် ၁၂ တောင့်တို့ကို ဖမ်းမိခဲ့ကြောင်း ခရိုင်မူးယစ် (အထူး) အဖွဲ့၏ စာရင်းများအရ သိရှိရသည်။

“မြေကြီးထဲမှာ လောင်ချာတွေကို ဆာလာအိတ် သုံးအိတ်နဲ့ မြှုပ်ထားတာ၊ အိပ်ခန်းထဲမှာရှိတဲ့ အဝတ်ထဲမှာ ပါကင်တွေနဲ့ ကျည်တွေနဲ့ သိမ်းထားတာ” ဟု မျက်မြင်တွေ့ရှိသူ ရဲအုပ်မြင့်လွင်က ပြောကြားသည်။

တာချီလိတ်မြို့သည် နယ်စပ်နှင့် နီးစပ်သဖြင့် လာအိုနှင့် ထိုင်းနိုင်ငံတို့ဘက်နှင့် နယ်မြေတွင်း လက်နက်ကိုင်အဖွဲ့များ၊ အခြားဝယ်လက်များကို လက်နက်နှင့် မူးယစ်ဆေးဝါး အရောင်းအဝယ်များရှိ ကြောင်း၊ နယ်မြေတွင်း ယခုနောက်ပိုင်း မူးယစ်ဆေးဝါး ဖမ်းဆီးမှုများကို ယခင်ထက် အရှိန်မြှင့် ဖမ်းဆီးလာကာ မကြာခဏ ဖမ်းမိခဲ့ကြောင်း တာချီလိတ်ခရိုင် မူးယစ် ( အထူး) အဖွဲ့မှ ဒုရဲအုပ်အဆင့်ရှိ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“တာချီလိတ်ခရိုင်ရဲ့ အချို့နေရာတွေမှာဆိုရင် လက်နက်ကိုင်တွေကို အကာအကွယ်ယူပြီး လုပ်နေတာတွေ တစ်ပုံကြီး။ အမှုတွေကိုလည်း အပြီးသတ် ဖော်ထုတ်စေချင်တယ်” ဟု တာချီလိတ်မြို့နယ် အသက် ၄၀ ကျော်ရှိ မြို့မိမြို့ဖတစ်ဦးက ပြောကြားသည်။

မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းနှင့် အတူဖမ်းမိသော ကိုအိုက်မားကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆ (ခ)/၂၂(ခ) အရလည်းကောင်း၊ ဒေါ်လိုဒေါကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က) /၂၂(ခ) /၂၁ ဖြင့် အမှုဖွင့်ထားကြောင်း ကျိုင်းလပ် ရဲစခန်းထံမှ သိရှိရသည်။


From : ..the voice

အငှားယာဉ်မောင်းထံမှ တုတ်၊ ခဲများကိုင်ဆောင်ကာခြောက်လှန့်၍ အရက်ဖိုးငွေတောင်း သူများအား အရေးယူ

Posted by drmyochit Tuesday, September 10, 2013, under | No comments


၁၀.၉.၂၀၁၃ရက်နေ့ ၀၃၄၅အချိန်တွင် ဒဂုံတောင်မြို့နယ်နေ ဦးကိုကိုလေးသည် ၇က/----၊ အငှားယာဉ်ဖြင့် တောင်ဥက္ကလာပမြို့နယ်
ဘက်သို့ မောင်းနှင်လာစဉ် (၁၁)ရပ်ကွက်၊ မြသီတာအားကစားကွင်းမှ
ချောင်းကူးတံတားပေါ်အရောက် လူ(၁)ဦးမှာကန့်လန့်အိပ်နေသဖြင့် ဦးကိုကိုလေးမှ ရှောင်၍မောင်းနှင်စဉ် အခြား(၂)ဦးမှသစ်သားတုတ်နှင့်
ခဲများအား ကိုယ်နောက်တွင်ဝှက်၍ ကိုင်ဆောင်ကာ ကားရှေ့မှပိတ်ရပ်ပြီး အရက်ဖိုးပေးရန်တောင်းသဖြင့် ဦးကိုကိုလေးမှ ငွေကျပ်(၅၀၀)အား
ပေးခဲ့ပြီး ပဒေသာလမ်းဆုံဘက်သို့ ဆက်လက်မောင်းနှင်ခဲ့ကြောင်း၊ အဆိုပါနေရာ၌ ၎င်းသူ(၃)ဦးနှင့် အရက်သောက်လျက်(၁)ဦးတို့
ကျန်နေခဲ့ကြောင်းကို ရဲတပ်ဖွဲ့ဝင်များနှင့်တွေ့ရှိသဖြင့် ပြောပြတိုင်တန်း ခဲ့ပါသည်။

တိုင်တန်းချက်အရ တောင်ဥက္ကလာပမြို့မရဲစခန်းတပ်ဖွဲ့ဝင်များမှ အခင်းဖြစ်နေရာသို့သွားရောက်၍ အဆိုပါသူများအားဖမ်းဆီးခဲ့ရာ
တောင်ဥက္ကလာပမြို့နယ်၊ (၁၁)ရပ်ကွက်နေသူများ ဖြစ်သည့် မြတ်သူ (ဘ)ဦးအောင်ဘု၊ သက်တင်စိုး(ဘ)ဦးချိုသိန်းဦး၊ ကိုရဲ(ခ)ရဲထွဋ်သိန်း (ဘ)ဦးစန်းဝင်းနှင့် (၈)ရပ်ကွက်နေ ဇင်ကို(ခ)ဇေယျာ(ဘ)ဦးဌေးမြင့်တို့
(၄)ဦးအားဖမ်းဆီးရမိခဲ့ပါသည်။

၎င်းတို့(၄)ဦးအား ဦးကိုကိုလေးမှ အရေးယူပေးပါရန်တိုင်တန်းခဲ့သဖြင့်
တောင်ဥက္ကလာပမြို့မရဲစခန်း (ပ) ၃၃၄/၂၀၁၃၊ပုဒ်မ ၃၈၄/၁၁၄ ဖြင့်
အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ဆီးဂိမ်းအမီ 4G စနစ် ရေဒီယိုစခန်း ၅၀ ဝန်းကျင်ခန့် ထားရှိမည်

Posted by drmyochit Tuesday, September 10, 2013, under | No comments

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ တွင် LTE (4G) စနစ်ရေဒီယိုစခန်းပေါင်း (၅၀) ဝန်းကျင်ခန့် ထားရှိသွားမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

အဆိုပါစနစ် တပ်ဆင်ပေးနိုင်ရန်အတွက် ဂျပန်နိုင်ငံ JICA (Japan International Cooperation Agency) ၏ အကူအညီနှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၄ ရက်နေ့ နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားချက်အရ သိရသည်။ JICA ၏ အကူအညီနှင့် LTE (4G) ရေဒီယိုစခန်းများကို ရန်ကုန်မြို့တွင် (၁၇) ခု၊ ငွေဆောင်တွင် (၁) ခု၊ နေပြည်တော်တွင် (၂၈) ခုနှင့် မန္တလေးတွင် (၄) ခု တပ်ဆင်သွားရန် စီစဉ်ထားကြောင်း မိုဘိုင်းဆက်သွယ်ရေးဌာန အင်ဂျင်နီယာချုပ် ဦးခင်မောင်ထွန်းက နိုင်ငံပိုင်သတင်းစာနှင့် တွေ့ဆုံရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ တပ်ဆင်ရာတွင် ရန်ကုန်ြမို့တွင် (၁၃) ခု၊ ငွေဆောင်တွင် (၁) ခု၊ နေပြည်တော်တွင် အခု (၂၀) နှင့် မန္တလေးတွင် (၄) ခုတို့ကို အဆောက်အအုံပြင်ဆင်ခြင်း၊ ဓါတ်အားရရှိရေးတို့ ကို ဆောင်ရွက်ပြီးနေပြီး မကြာမီ စက်ပစ္စည်းများကို တပ်ဆင်စမ်းသပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးခင်မောင်ထွန်းကပြောသည်။ မြို့ကြီးသုံးမြို့ဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့တွင် 4G ကွန်ရက်စနစ်ကို တည်ဆောက်သွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူအချို့က ပြောကြားခဲ့ဖူးသည်။ လက်ရှိပြည်တွင်း၌ 3G စနစ်အဖြစ် WCDMA နှင့် CDMA 800 တို့ကို အသုံးပြုနိုင်လျက်ရှိပြီး အင်တာနက်မြန်နှုန်းမှာ နှေးကွေးနေသေးကြောင်း အဆိုပါဖုန်းအသုံးပြုသူ အချို့ထံမှ မေးမြန်းသိရှိရသည်။ “လိုင်းပြတ်တောက်တာမျိုး မဖြစ်ပေမယ့် လိုင်းခဏခဏကျသွားတာမျိုး ကြုံရပါတယ်” ဟု CDMA 800 ဖုန်းအသုံးပြုသူတစ်ဦးက ပြောသည်။

နောင်လာမည့် မိုဘိုင်းဖုန်းစီမံကိန်းများ၌ 3G စနစ်ကိုသာ ချထားပြီး 2G စနစ်ကို ဖြုတ်သိမ်းသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ဖူးသည်။ နောင်လာမည့်စီမံကိန်းများ၌ 3G နှင့် 4G LTE စနစ်ဖုန်းများကိုသာ ဆောင်ရွက်မည်ဟုဆိုသည်။ လက်ရှိ 3G ကွန်ရက်များကို တိုးချဲ့ဆောင်ရွက်ရာတွင် မြို့ကြီးများတွင် ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပြီး ဖြည်းဖြည်းချင်း Network ချဲ့သွားမည်ဖြစ်ကြောင်း သိရသည်။


ထွန်းထွန်း
အတွဲ (၁၄)၊ အမှတ် (၃၅)
Internet Journal

မြန်မာ့ဆက်သွယ်ရေးမှ ကျော်လွန် အသုံးပြုထားသည့် Frequencyများကို ပိတ်သိမ်းမည်

Posted by drmyochit Tuesday, September 10, 2013, under | No comments


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် တင်ဒါ အောင်မြင်ထားသော ဆက်သွယ်ရေး အော်ပရေတာ နှစ်ခု အလုပ်လုပ်ကိုင်နိုင်ရန် ၄င်းတို့ ကျော်လွန်အသုံးပြုထားသည့် Frequencyများကို ပိတ်သိမ်းသွားတော့မည်ဟု နိုင်ငံပိုင် သတင်းစာမှတစ်ဆင့် ပြောကြားထားသည်ဟု သိရသည်။

၎င်းတို့သည် GSM ကွန်ရက်အတွက် Bandwidth 25MHzကို ယခင်က အသုံးပြုထားကြောင်း တင်ဒါအောင်မြင်သည့် ပြည်ပဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီနှစ်ခုအတွက် ယခုအခါ Bandwidth 10MHzကို ခွဲခြားပေးရတော့မည်ဖြစ်ကြောင်း သိရသည်။

Frequencyများ ခွဲဝေပေးရန်အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ၄င်းတို့ ကျော်လွန်အသုံးပြုထားသည့် Frequencyများကို ပိတ်သိမ်းခြင်း၊ သတ်မှတ် Frequencyအတွင်း ကွန်ရက်ဒီဇိုင်း အသစ်များ ရေးဆွဲခြင်း၊ ပြုပြင်ခြင်း၊ ချိန်ညှိခြင်း၊ စိစစ်ခြင်း စသည်တို့ကို ပြန်လည်ပြုလုပ်ရတော့မည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

မြန်မာ့ဆက်သွယ်ရေးအနေဖြင့် အထက်ပါ လုပ်ငန်းစဉ်များ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ၄င်းတို့၏ Vendorများဖြစ်သော ZTE, Huawei, ASB ကုမ္ပဏီတို့နှင့် ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်လျက်ရှိကြောင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့၌ လုပ်ကိုင်ခွင့် ရရှိခဲ့သော ASB ကုမ္ပဏီအနေဖြင့် အထက်ပါ လုပ်ငန်းစဉ်များကို လုပ်ကိုင်ဆောင်ရွက်ပြီး ZTEနှင့် Huaweiတို့သည် ၄င်းတို့ လုပ်ကိုင်ခွင့် ရရှိသည့် နေရာအနှံ့၌ ဆက်လက် လုပ်ကိုင်လျက်ရှိကြောင်း သိရပါသည်။

From: Myanmar ICT

MTV ပွဲဂယက်ကြောင့် Vogue မဂ္ဂဇင်းမျက်နှာဖုံးရှင်ဖြစ်ခွင့် မိုင်လီ လွဲချော်

Posted by drmyochit Tuesday, September 10, 2013, under | No comments

နာမည်ကျော် Vogue မဂ္ဂဇင်းသည် အစောပိုင်းက မိုင်လီကို မျက်နှာဖုံးရှင်အဖြစ် ရည်ရွယ်ထားသော်လည်း နယူးယော့ခ်တွင် ပြီးခဲ့သည့်လက ပြုလုပ်သော ဖျော်ဖြေမှုနောက်ပိုင်း ယင်းအစီအစဉ်ကို စွန့်လွှတ်ခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့

MTV ဗီဒီယိုဂီတ ဆုပေးပွဲတွင် ကြီးကြီးမားမား ဝေဖန်မှုများ ကြုံခဲ့ရသည့် ဖျော်ဖြေမှု ပုံစံကြောင့် မိုင်လီဆိုင်းရပ်စ်ကို Vogue မဂ္ဂဇင်း၏ မျက်နှာဖုံးရှင်အဖြစ် လျာထားစာရင်းမှ ပယ်ဖျက်ခဲ့ကြောင်း သိရှိရသည်။ ရော်ဘင်သစ်ကီနှင့် တွဲဖက်ပြီး ရမ္မက်နှိုးဆွသည့် ပုံစံမျိုး ဖျော်ဖြေမှုများကြောင့် အသက်(၂၀)အရွယ် Popဂီတ ကြယ်ပွင့်ကို ပြင်းပြင်းထန်ထန် ပြစ်တင် ဝေဖန်မှုများ ဖြစ်ပေါ်ခဲ့ပြီး သူမကမူ မိမိ၏ လုပ်ရပ်အတွက် အဆိုးမြင်မှုများကို ဂရုမစိုက်ကြောင်း ပြောကြားထားသည်။ နာမည်ကျော် Vogue မဂ္ဂဇင်းသည် အစောပိုင်းက မိုင်လီကို မျက်နှာဖုံးရှင်အဖြစ် ရည်ရွယ်ထားသော်လည်း နယူးယော့ခ်တွင် ပြီးခဲ့သည့်လက ပြုလုပ်သော ဖျော်ဖြေမှုနောက်ပိုင်း ယင်းအစီအစဉ်ကို စွန့်လွှတ်ခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။


Vogue၏ အယ်ဒီတာချုပ် အန်နာဝင်တိုအာနှင့် နီးစပ်သူ တစ်ဦးက ဝင်တိုအာသည် ဒီဇင်ဘာလထုတ် Vogue မဂ္ဂဇင်းအတွက် မိုင်လီကို အစောပိုင်းက လျာထားသော်လည်း MTV ဆုပေးပွဲ ဖျော်ဖြေမှုကြောင့် အစီအစဉ် ပြောင်းလိုက်ကြောင်း ပြောကြားခဲ့သည်။ ဝင်တိုအာ၏ မိတ်ဆွေ တစ်ဦးက "အန်နာ အနေနဲ့ ခုဖျော်ဖြေမှု တစ်ခုလုံးက မနှစ်မြို့စရာလို့ ယူဆလိုက်ပါတယ်။ ဒါကြောင့် မိုင်လီရဲ့ ဖျော်ဖြေမှုကို အခြေခံပြီး ဆုံးဖြတ်ချက် အပြောင်းအလဲ တစ်ခုကို သူရွေးလိုက်တယ်။ ခုတော့ မဂ္ဂဇင်း မျက်နှာဖုံးအတွက် မိုင်လီကို နေရာပေးတော့မှာ မဟုတ်ပါဘူး"ဟု မှတ်ချက်ပြု သွားခဲ့သည်။

Planet Myanmar Network

ခင်ဝင့်ဝါ စာချုပ်ထားသည့် တစ်နှစ်အတွင်း အရက်၊ ဆေးလိပ်၊ ဘီယာကြော်ငြာများ ရိုက်ကူးခွင့်မရှိဟုဆို

Posted by drmyochit Tuesday, September 10, 2013, under | No comments


Miss Supranational ပြိုင်ပွဲမှ Title ဆုလေးဆုရ ခင်ဝင့်ဝါကို အရက်၊ ဆေးလိပ်၊ ဘီယာကြော်ငြာများ အား စာချုပ်ချုပ်ထားသည့် တစ် နှစ်အတွင်း ရိုက်ကူးခွင့်ပြုမည်မ ဟုတ်ကြောင်း Miss Supranational Myanmar အော်ဂနိုက် ဇေးရှင်းမှ သိရသည်။

''ကျွန်မတို့ အခုလို သူ့ကို ဆေးလိပ်၊ အရက်နဲ့ဘီယာကြော် ငြာတွေ မရိုက်ခိုင်းတာက မစ်မော် ဒယ်တစ်ဦးအနေနဲ့ ရှိသင့်ရှိထိုက် တဲ့ အရည်အချင်းတွေပျောက် ပျက်သွားမှာစိုးလို့ပါ။ တကယ်လို့ အစ်မတို့နဲ့စာချုပ်ချုပ်ထားတာ ပြည့်ပြီးသွားရင်တော့ သဘော ပေါ့နော်။ အစ်မကအခု သူဆုယူ ပြီး ပြန်လာတော့လဲ သိပ်ဝမ်းသာ တယ်။ အချိန်ကလဲသိပ်မရဘူးဆို တော့လေ။ ဘာပဲဖြစ်ဖြစ် အခု လို MISS တွေကိုမွေးထုတ်ပေး ပြီး နိုင်ငံတကာကိုယှဉ်ပြိုင်နိုင် တာက မြန်မာကိုကမ္ဘာကသိ အောင်ဆိုတဲ့စိတ်နဲ့ပါ''ဟု ယင်း အဖွဲ့အစည်းမှ မဖူးဝေခိုင်ကပြော သည်။

Miss Supranational အော် ဂနိုက်ဇေးရှင်းအဖွဲ့သည် နှစ်စဉ် နှစ်တိုင်း မော်ဒယ်များကို မွေး ထုတ်ပေးမည်ဖြစ်ပြီး ယင်းမှရရှိ သည့် အကျိုးအမြတ်များအား မြန်မာနိုင်ငံရှိ ဒေသအနှံ့အပြား ၌ ပရဟိတလုပ်ငန်းများကို တတ် နိုင်သလောက် လုပ်ဆောင်သွား မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အော်ဂနိုက်ဇေး ရှင်းမှာ ၂၀၁၃ခုနှစ် မေလပိုင်းမှ စတင်ပြီး လူငယ်များဖြင့်ဖွဲ့စည်း ထားသည့် အဖွဲ့တစ်ခုဖြစ်ကာ မြန်မာနိုင်ငံမှ ကိုယ်စားပြုယှဉ် ပြိုင်သည့် ခင်ဝင့်ဝါသည် Miss Internet, Most Beautiful Girl In The World, People Choice Award, Face of Miss Supranational များရရှိခဲ့ခြင်း ဖြစ်သည်။

Yangon Media Group

ချင်းပြည်နယ်၊ ဖလမ်းမြို့သည်ပြတ်ရွေ့ကြောင်းပေါ်တွင်တည်ရှိ၍မြေကျွံကျမှုများဖြစ်ပေါ်နိုင်

Posted by drmyochit Tuesday, September 10, 2013, under | No comments

ကလေး၊  စက်တင်ဘာ  ၁၀ ။

ချင်းပြည်နယ်၊ ဖလမ်းမြို့သည် မြေထုလှုပ်ရှားမှုများနှင့် မိုးဆက်တိုက်ရွာသွန်းပါက မြေကျွံမှုများဆက်တိုက်ဖြစ်ပေါ်နိုင်ပြီး ဖလမ်းမြို့နယ် ဒေသအချို့ ပျက်စီးသွားနိုင်ကြောင်း စက်တင်ဘာ(၇)ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ဖလမ်းမြို့လူထုနှင့်  ဘူမိဗေဒပညာရှင်များ တွေ့ဆုံပွဲမှ သိရသည်။

“သြဂုတ်(၂၃)ရက်နေ့က ဖလမ်းမြို့နယ်၊ လိုင်ဇာရွာမှာ မြေကျွံကျမှုကြောင့် အိမ်(၃)လုံးမြေကြီးကို နစ်မြှုပ်သွားခဲ့ပါတယ်။မြေကျွံကျတဲ့နေရာမှာ အက်ကွဲကြောင်းကြီး ကျန်ခဲ့တယ်။ စစ်ကိုင်းပြတ်ရွေ့လိုပဲ
ဖလမ်းမှာလည်း ပြတ်ရွေ့ကြောင်းရှိနေပြီးဖလမ်းပြတ်ရွေ့ကြောင်းဟာ အရှေ့တောင်ဘက်မ အနောက်ဘက် နာဂဒေသအထိ ရှည်တယ်လို့ ဘူမိဗေဒ ပညာရှင်တွေက ပြောပါတယ်”ဟု ဖလမ်းအထက(ခွဲ)မှ ကျောင်းဆရာမတစ်ဦးက ပြောသည်။

ဖလမ်းမြို့သည် မြေလွှာပြတ်ရွေ့ကြောင်းပေါ်တွင် တည်ရှိ နေသောကြောင့် စီမံချက်ရှိရှိ ဆောင်ရွက်ထားသင့်ကြောင်း၊ဖလမ်းမြို့ရှိ ကျောက်များသည် ရေကိုအလွယ်တကူ စိမ့်ဝင်နိုင်သော ကျောက်များဖြစ်၍ မိုးများသည့်အချိန်တွင် သတိထားသင့်ကြောင်း၊ စိမ့်စမ်းရေထွက်သော နေရာများတွင် ရေကြည်ထွက်လျှင် ကိစ္စမရှိသော်လည်း၊ စိမ့်စမ်းရေ နောက်လာပါက သတိထားနေသင့်ကြောင်းနှင့် သဘာဝ သစ်တောများကိုလည်း ဥတုရာသီမှန်ကန်မှု ရှိစေရန် ထိမ်းသိန်း စောင့်ရှောက်သင့်သည်ဟု ဖလမ်းမြို့ဒေသခံတစ်ဦးက ပြောသည်။

ချင်းပြည်နယ်၊ ဖလမ်းမြို့သည် တောင်ကုန်း၊ တောင်စောင်းများပေါ်တွင် တည်ထားသောမြို့ဖြစ်ပြီး အဆောက်အဦနှင့် အိမ်ခြေ(၁၇၂၄)ခန့်၊ လူဦးရေ(၇၇၈၃) ဦးခန့် နေထိုင်သော မြို့ဖြစ်ကြောင်း သိရသည်။

လ၀န်းချို
The Myanma Age

တရုတ်ဗုံးကြဲလေယာဉ် နှစ်စင်းကြောင့် ဂျပန်လေတပ် တပ်လှန့်ပျံသန်းခဲ့

Posted by drmyochit Tuesday, September 10, 2013, under | No comments

ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနက တရုတ်၏ H-6 ဗုံးကြဲလေယာဉ် နှစ်စင်းသည် တနင်္ဂနွေနေ့က အရှေ့တရုတ်ပင်လယ်မှ ပစိဖိတ် သမုဒ္ဒရာသို့ ပျံသန်းနေသည်ကို တွေ့ရှိပြီးနောက် မိမိတို့၏ တိုက်လေယာဉ်များကို လေထဲ ပျံတက်စေခဲ့ကြောင်း ပြောကြားခဲ့သည်

ဂျပန်လေတပ်မှ တိုက်လေယာဉ်များသည် တရုတ် ဗုံးကြဲလေယာဉ်နှစ်စင်း ချဉ်းကပ်လာသည့် အနေအထားကြောင့် အရေးပေါ် တပ်လှန့် ပျံသန်းမှုတစ်ခု ပြုလုပ်ခဲ့ရကြောင်း သိရှိရသည်။ ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနက တရုတ်၏ H-6 ဗုံးကြဲလေယာဉ် နှစ်စင်းသည် တနင်္ဂနွေနေ့က အရှေ့တရုတ်ပင်လယ်မှ ပစိဖိတ် သမုဒ္ဒရာသို့ ပျံသန်းနေသည်ကို တွေ့ရှိပြီးနောက် မိမိတို့၏ တိုက်လေယာဉ်များကို လေထဲ ပျံတက်စေခဲ့ကြောင်း ပြောကြားခဲ့သည်။ ဗုံးကြဲလေယာဉ်များသည် ဂျပန်လေပိုင်နက်ထဲ ဝင်ရောက်လာမှု မရှိခဲ့သော်လည်း မိမိတို့၏ တိုက်လေယာဉ်များကို အသင့်အနေအထား စောင့်ဆိုင်းနေခဲ့ရကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ဆိုသည်။ H-6နှစ်စင်းသည် ဂျပန်ပိုင် အိုကီနာဝါ ကျွန်းစုများအနီး ရေပြင်ထက်မှ ဖြတ်ကျော် ပျံသန်းသွားခဲ့သည်။

ကာကွယ်ရေး ဝန်ကြီးဌာနက ဗုံးကြဲလေယာဉ်များသည် အိုကီနာဝါအနီး ကျွန်းစုများအနီးတွင် ပျံသန်းခဲ့ကြောင်း အတည်ပြုခဲ့သော်လည်း နောက်ပိုင်းတွင် တရုတ်ပြည်ဘက် လှည့်ပြန်သွားကြောင်းလည်း ဆိုသည်။ ဂျပန် ကမ်းခြေစောင့်တပ်နှင့် လေတပ်တို့သည် ဂျပန်အစိုးရက တရုတ်နှင့် ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ဆန်ကာကူ ကျွန်းများကို ပုဂ္ဂလိက ပိုင်ရှင်များထံမှ လက်လွှဲဝယ်ယူခဲ့မှု နှစ်ပတ်လည်နေ့ နီးကပ်လာချိန်တွင် လုံခြုံရေး တပ်လှန့်မှုများကို မြှင့်တင်ထားသည်။ ဂျပန်အစိုးရ၏ အဆိုအရ တရုတ်စစ်ဘက် လေယာဉ်များ အိုကီနာဝါအနီး ရေပြင်တွင် ပျံသန်းမှုသည် ယခုတစ်ကြိမ် ပထမဆုံးဟုလည်း သိရှိရသည်။

From: Planet Myanmar Network

Facebook တင်ရန် ဓါတ်ပုံရိုက် နည်းများ

Posted by drmyochit Tuesday, September 10, 2013, under | No comments

Facebook အလှပဂေးများကို လိုက်လံငမ်းမောကြည့်ရှုရာမှ ရရှိလာသော ဓါတ်ပုံပညာရပ်ဆိုင်ရာ ဗဟုသုတ များကို နောင်လာ နောက်သားများ အတုယူနိုင်ရန် ဖော်ပြ အပ်ပါသည်။

- အသုံးအများဆုံးနည်းလေးကတော့ နှုတ်ခမ်းလေးကိုစူရင်စူ၊ ပါးလေးကိုဖောင်းရင်ဖောင်း၊
ဒါမှမဟုတ် လျှာကလေးကိုတစ်လစ်တစ်လစ်လုပ်လိုက်ပါ။
ဒါမှမဟုတ်လည်း ၃ခုလုံးပြိုင်လုပ်ချင်လဲရပါတယ်။ ပိုလှချင်သေးရင်တော့ လက်ညှိုးနဲ့
ပါး ဒါမှမဟုတ် နှုတ်ခမ်းကိုထောက်လိုက်ပါ။
ပြီးတော့ ရိုးသားသယောင်ယောင် (သို့) အံသြသယောင်ယောင် (သို့)
Feel တက်နေသယောင်ယောင်မျက်နှာပေးလုပ်ချင်လဲရပါတယ်။
စိတ်ကျေနပ်ပြီဆိုရင်တော့ Camera မီးကျွမ်းအောင်ရိုက်လို့ရပါပြီ။
ဒီရုပ်ဒီရည်နဲ့ ပုံ ၁၀၀ ရိုက်ရင် ၁ပုံတော့လှမှာပဲ။ အင်း၊ ကြိုက်တဲ့ပုံရပြီဆိုရင်တော့
မြန်မြန်သာ Upload လုပ်ပေတော့။ အစ်ကိုကာလသားတွေမြန်မြန်ငမ်းလို့ရအောင်။


- နောက်တစ်နည်းကတော့ ကိုင်းထူထူနဲ့မျက်မှန်၊ ဒါမှမဟုတ် မှန်မပါတဲ့ မျက်မှန်တပ်ပြီးရိုက်နည်းပါပဲ။ ကိုင်းကအရောင်စုံဆိုရင်ပိုတောင်ကောင်းသေး။
ဘာကြောင့်ဒီနည်းကိုသုံးသင့်လဲဆိုရင် မျက်မှန်ကိုင်းကထူတော့
မျက်နှာပေါ်က တင်းတိပ်၊ ဝက်ခြံ၊ ကြက်ခြံတွေကို ဖုံးပြီးသားဖြစ်သွားတာပေါ့ကွယ်။
ပြီးတော့ မျက်မှန်ကိုပဲ အာရုံရောက်နေကြတော့ ကိုယ်မလှတာလူသတိမထားမိဘူးပေါ့။ ဒါတောင်အဆင်မပြေသေးဘူးဆိုရင်တော့ မျက်နှာတစ်ဝက်လောက်ဖုံးတဲ့ နေကာမျက်မှန်ကြီးတွေတပ်ပြီးရိုက်လို့ရပါသေးတယ်။
အခြောက်ကြီးဆိုရင်တောင်လူသိမှာမဟုတ်ဘူး။
ပြီးတော့ ပျားလိုလို၊ ယင်ကောင်လိုလို၊ ပုတုန်းလိုလိုနဲ့ လူတောင်ရှိန်သေး။

- ပိုလှချင်ပါသေးတယ်ဆိုရင်တော့ ဟိုဂျပန်ကာတွန်းကားတွေထဲကလို
မျက်ဆံကြီးကြီး အရောင်တောက်တောက်တွေနဲ့ မျက်ကပ်မှန်တွေတပ်ပြီးရိုက်လို့ရပါသေးတယ်။
လန်းလွန်းလို့ ကိုယ့်ရုပ်ကိုယ်တောင်မှတ်မိမှာမဟုတ်ဘူး။ အဲဒီမျက်လုံးတွေကြိုက်တဲ့ကောင်လေးနဲ့တွေ့လို့ ရည်းစားရရင်တော့မပူပါနဲ့။
မျက်ကပ်မှန်ကို အိပ်တဲ့အချိန်ကျမှချွတ်ပေါ့။
အိပ်တဲ့အချိန်ဆိုတော့သူလည်း မျက်လုံးကိုစိတ်ဝင်စားမှာမဟုတ်ပါဘူး၊ (တစ်ခြားစိတ်ဝင်စားစရာတွေရှိတာကိုး)။

- အော်၊ ပြီးတော့ မျက်လုံးကြီးကြီးနဲ့တော့လှချင်တယ်၊ ဒါပေမယ့်
မျက်ကပ်မှန်မတပ်ချင်ဖူးဆိုလဲ တစ်နည်းရှိသေးတယ်။ အိမ်မှာသကြားရှိတယ်ဟုတ်?
အင်း၊ အဲဒီသကြားကို လက်ဘက်ရည်ဇွန်းတစ်ဇွန်းလောက်ခပ်ပြီး စားပွဲပေါ်မှာတင်၊
ပြီးရင် ဘူးအလွတ်တစ်လုံးနဲ့ စောင့်နေ။ ခဏနေ ပုရွက်ဆိတ်တွေလာလိမ့်မယ်။
သူတို့ကိုဘူးနဲ့ဖမ်းပြီး တစ်နေ့တစ်ဘူးမှီဝဲဗျ။
ဘာကောင်းလဲဆိုတော့ မသိဘူးလေ၊ လူကြီးတွေပြောတာက
ပုရွက်ဆိတ်စားရင် မျက်လုံးပြူးတယ်ဆို။
- နောက်ထပ်တစ်နည်းကတော့ အိမ်မှာ မွှေးပွရုပ်တွေရှိရုံနဲ့ အလုပ်ဖြစ်ပါတယ်။
လုပ်ရမှာက ညဝတ်အင်္ကျီကိုဝတ်၊ ပြီးတော့ဆိုဖာ၊ ဒါမှမဟုတ် ကုတင်ပေါ်မှာထိုင်၊
အရုပ်ကလေးကို ချစ်စဖွယ်ပိုက်ပြီး အိမ်ကလူတစ်ယောက်ယောက်ကို Camera ပေးလိုက်ပါ။ ဒါဆိုရင်တော့ သင်ဟာ ချစ်စရာ့ အရွယ် နို့နံ့မစင်သေးတဲ့
ကလေးမငယ် စတိုင် ဓါတ်ပုံတစ်ပုံရဲ့ ဂုဏ်ယူဖွယ်ပိုင်ရှင်ဖြစ်သွားပါပြီ။ သူများတွေလည်း ဂုဏ်ယူလို့ရ အောင် Facebook မှာတင်ဖို့မမေ့နဲ့အုံးနော်။
- တကယ်လို့ Cute ဖြစ်တာမကြိုက်ပဲ ပူစပ်ပူလောင်
Hot & Sexy ကိုကြိုက်ပါတယ်ဆိုရင်တော့ပထမဆုံး Stocking တစ်ထည်ရှာပါ၊
အပေါက်တွေပါရင်ပိုကောင်းပါတယ်။ ပြီးတော့အခုဝတ်နေတဲ့အင်္ကျီထက်
၎ ဆိုဒ်လောက်သေးတဲ့အင်္ကျီကိုရှာပါ။ အဲဒါတွေဝတ်ဆင်လိုက်ရင်တော့
မယ်စကြာဝဠာရှူံးလောက်တဲ့၊ ကိုယ့်မှာရှိနေမှန်းတောင်မသိငုပ်လျှိုးနေခဲ့တဲ့ ကျပ်ထုပ်တင်းရင်းနေတဲ့အလှတွေပေါ်ထွက်လာပါလိမ့်မယ်။

ဓါတ်ပုံရိုက်ရင်လည်း ဒီအလှတွေပေါ်အောင်လို့ Camera ကို အပေါ်ကနေချိန်ပြီးရိုက်ပါ။ ရှုခင်းကောင်းတာ ပေါ့။ ဒါမှမဟုတ်ရင်လည်းမှန်ထဲကနေတစ်ဆင့် Angle ပေါင်းစုံကနေစမ်းပြီးရိုက်ကြည့်ပါ။ ကိုယ့်ပုံကိုယ် ပြန်ကြည့်ပြီး ကိုယ်ကိုတိုင်တောင် မရိုးမရွဖြစ်လာပြီ ဆိုရင်တော့ သင်ဟာနောက်ထပ်ဂုဏ်ယူဖွယ်ရာ ကောက်ညှင်းထုပ်ဓါတ်ပုံ၏ပိုင်ရှင်ဖြစ်သွား ပြီဆိုတာ သိရှိလိုက်ပါတော့။

ပြီးတော့ဒီနေရာမှာယူတတ်ရင်ရမယ့်အခွင့်အရေးလေးတစ်ခုရှိပါသေးတယ်။
အဲဒါကတော့ Camera အစား Phone နဲ့ဓါတ်ပုံရိုက်တာပါပဲ။
မှန်ထဲမှာရိုက်တာဆိုတော့ ဓါတ်ပုံထဲမှာ သင့် Phone လဲပါလာမယ်လေ။
သင့်၏ တန်ဖိုးကြီးပြီး ဖန်ရှင်စုံပေသော iPhone 10Gs (သို့) HTC Superhero OMFG! (သို့)
Sony Ericsson Zeperia Z20 (သို့) Nokia N-Gazillion အစရှိသော
အမျိုးကောင်းသား/သမီး Handset တို့ကိုအသင်၏ခန္ဓာကိုယ်အလှနောက်ခံထားကာ
တစ်ကမ္ဘာလုံးမနာလိုအားကျကြောင်းငှာ ကြွားဝါပြသမည့်အရေး ဤနှယ်ကောင်းမွန်သော အခွင့်အရေး ထူးကြီးအား အဘယ်မှာတွေ့ရပါညားအံ့။ ထို့ကြောင့်ဤ အခွင့်အရေးထူးကြီးအား လက်မလွတ်ရ လေ အောင် အမိအရယူပါလေ။
- ဒီလိုအံ့မခန်းဓါတ်ပုံတွေရိုက်မယ်ဆိုရင် Setting ကောင်းကောင်းလိုပါတယ်။
Facebook မှာ popular ဖြစ်နေတဲ့နေရာတွေကတော့ Photo studio၊ ပန်းခြံပေါင်းစုံ၊ အဆောက်အဦး များ၏ အပေါ်ဆုံးထပ်၊ အင်တာနက်ဆိုင်၊ hotel & restaurants တွေမှာရှိတဲ့ ကျွန်တော့်အခန်း ထက်တောင် ကောင်းတဲ့ အဆင့်မှီအိမ်သာကြီးများ၊ ပြီးတော့ အိပ်ခန်း၊ရေချိုးခန်း အစရှိသဖြင့်ပါပါတယ်။
Z ကိုယ်ဥာဏ်ရှိရင်ရှိသလောက် ဆန်းသစ်တီထွင်ရိုက်ကူးလို့ရတဲ့အတွက် အကျယ်တဝင့် မညွှန်ကြား တော့ပါဘူး။
- နောက်ဆုံးအနေနဲ့ ဓါတ်ပုံရိုက်ပြီးလို့ Profile Picture တင်တော့မယ်ဆိုရင်တော့ photo frame၊ ဒါမှမဟုတ် စာလေးတွေ၊ အသည်းပုံလေးတွေမပါရင်မပြီးပါဘူး။

တွေ့ရတတ်တဲ့ စာလေးတွေကတော့ "ZOMG I’m sO fUCkiNg CuTE!!!!!1122@@",  "I miss you so much that I'm posting my cute/revealing photos on Facebook",  "I am so hot I'm jealous of myself",  "Your boobs are smaller than mine bwaa haa haa" အစရှိသဖြင့် ဖြစ်ပါတယ်.

အထက်ပါညွှန်ကြားချက်တွေကိုလိုက်နာခဲ့မယ်ဆိုရင်တော့ သင်ဟာ Friends ရာ၊ ထောင်ချီပိုင်ဆိုင်တဲ့ Facebooker တစ်ယောက်အဖြစ်ကိုမကြာမီရောက်ရှိပါတော့မယ်။ အဲဒီ Friends တွေထဲမှာ ပုရိသတွေ ကတော့ 99.9999999999% ဆိုတာပြောစရာ လိုမယ် မထင်ပါဘူး (အဲဒီလိုဖြစ်အောင် လုပ်ထားတာပဲ ဟာပဲ ဟာပဲ ဟာကို)။

ထပ်ပြီးဂုဏ်ယူစရာကတော့ သင်ဟာဒီပုရိသတွေရဲ့ comment တွေနဲ့ ချီးမြောက်မှုတွေကြားမှာ မျက်နှာပန်းပွင့်လန်းလာတော့မှာ မလွဲဧကန်ပါပဲ။ အဲဒီလို ချီးကျူးဂုဏ်ပြုမှုတွေကို ကြိုတင်ခံစားလို့ရအောင် comment နမူနာလေးတွေကို ကျွန်တော့်ရဲ့မှတ်ချက်လေးတွေနဲ့အတူ ဖေါ်ပြပေးပြီး ဒီ Guide ကိုနိဂုံးချုပ် အပ်ပါတယ်။

• "လန်းတယ်နော်" (“ဟုတ်၊ ကျေးဇူးနော်”)

• "so beauty" (English လိုပြောပြီးအထင်ကြီးလဲခံချင်သေး၊ Grammar ကလဲမပိုင်)

• "စားချင်စရာကြီး" (အတော်ပဲ toilet က flush လုပ်လို့မရတာနဲ့)

• “ဘယ်လိုကြည်ကြည်အမြဲလှတယ်” (မြန်မာစာလုံးတောင်မှန်အောင်မပေါင်းဘူး)

• သြော်--- သဘာဝတရားကို ပိုပြီးပြည့်စုံလှပသွားအောင် လှပနေသူပါလားနော်
(“သဘာဝတရားကို အကျည်းတန်အောင် ပေါရဲသူပါလားနော်”)

• _____ ရဲ့ပါးပေါ်က မှဲ. လေးဖြစ်ချင်လိုက်တာ (“ဟင့်အင်း၊ ကျွန်မကမှဲ့ရုပ်ဆိုးကြီးလိုချင်ဘူး”)

• ကြည့်ကောင်းလို့ ______ ရဲ့ ပုံကို desktop မှာတင်ထားလိုက်ပြီ (“ရှင့် PC က Core i7 မဟုတ်ရင်တော့ sorry ပဲ)
BeeeeeeeeeeeeeeOoooooooooooooTeeeeeeeeeeeeeeeeeeeeFuuuuuuuuuuuuuuuuuuuLLLLLLLLLLLLLLLLLL!! ;) (“Sorry but I don’t talk to people who have trouble spelling.”)

ကဲတော်လောက်ပါပြီ၊ ဆက်ရေးလို့ကတော့ပြီးတော့မှာမဟုတ်ဘူး။ ဒါတောင်ဒီ comment တွေက တစ်ယောက်ထဲဆီကယူထားတာ၊ ဘယ်သူလဲဆိုရင်တော့ပြောပြဘူး :P

Disclaimer: ဤဆောင်းပါးကိုမည်သူတစ်ဦးတစ်ယောက်ကိုမျှ နာကျင်ထိခိုက်စေလိုသောရည်ရွယ်ချက်ဖြင့် ရေးသားခြင်းမဟုတ်ပါ။ အပျော်သဘောဖြင့်သာရည်ရွယ်ပါသည်။ တိုက်ဆိုင်မှုမရှိကခွင့်လွှတ်စေလိုပါသည် :P

ပုံ
Chilly Chan
Myanmarexpress

မုတ်ဆိတ်မွေးရိတ်ပြီးနောက် အသားအရေထိန်းသိမ်းနည်း

Posted by drmyochit Tuesday, September 10, 2013, under | No comments


ဆပ်ပြာနဲ့ အယ်လ်ကိုဟော အခြေခံပြုလုပ်ထားတဲ့ မုတ်ဆိပ်မွေးရိတ်ပြီး အသုံးပြုရတဲ့အရည်တွေက အရေပြားကို ယားယံစေတာ၊ ခြောက်သွေ့စေတာ၊ ကြမ်းရှရှဖြစ်စေတာ၊ စတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မုတ်ဆိတ်မွေးရိတ်ပြီးချိန်မှာ သင့်အသားအရေကို ထိန်းသိမ်းဖို့ အောက်ပါအချက်တွေကို လိုက်နာဖို့လိုပါတယ်။

၁။ အယ်လ်ကိုဟော အခြေခံထုတ်ကုန်များကို ရှောင်ပါ

မုတ်ဆိတ်မွေးရိတ်ပြီး အသုံးပြုရတဲ့အယ်လ်ကိုဟောပါဝင်တဲ့ အရည်တွေက အသားအရေကို ခြောက်သွေ့စေပါတယ်။ ဒါကြောင့် မုတ်ဆိတ်မွေးရိတ်ပြီင်္းတဲ့အခါ အသားအရေချောမွေ့စေပြီး အစိုဓာတ်ထိန်းပေးတဲ့ Balm လိမ်းပေးပါ။

၂။ ကြေးချွတ်အားပြင်းသော ဆပ်ပြာကို အသုံးမပြုပါနှင့်

ဆပ်ပြာအများစုက အယ်လ်ကာလီဓာတ်တွေဖြစ်ပြီး အရေပြားက အနည်းငယ်အက်စစ်ဓာတ်ဖြစ်နေပါတယ်။ မျက်နှာသစ်တဲ့အခါ၊ မုတ်ဆိပ်မွှေးရိတ်တဲ့အခါတွေမှာ ကြေးချွတ်အားပြင်းတဲ့ ဆပ်ပြာဖြစ်စေ၊ မုတ်ဆိပ်မွှေးရိတ်ရာမှာ အသုံးပြုရတဲ့ အမြှုပ်ထစေတာဖြစ်စေ အသုံးပြုတာကြောင့် အသားအရေခြောက်သွေ့ကာ အရွယ်မတိုင်မီ အရေးအကြောင်းတွေကို ဖြစ်ပေါ်စေပါတယ်။

၃။ အစိုဓာတ်ထိန်းခရင်မ် လိမ်းပါ

သင့်အသားအရေတွေ ခြောက်သွေ့နေပါက အရေပြားရဲ့ သဘာဝကာကွယ်စောင့်ရှောက်မှုစနစ် အားနည်းနေတာကြောင့် အရေးကြောင်းတွေကို အလွယ်တကူ ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် မုတ်ဆိတ်ရိတ်ပြီးတဲ့အခါ အသားအရေခြောက်သွေ့ပြီး အရေးကြောင်းတွေ ဖြစ်ပေါ်မှု နည်းစေအောင်အစိုဓာတ်ထိန်းခရင်မ်လိမ်းထားတဲ့အခါ အစိုဓာတ်ကို ခြောက်နာရီ-၁၂နာရီအထိသာ ထိန်းထားနိုင်ပါတယ်။ အဲဒီအချိန်ထက်ကျော်သွားရင်တော့ အသားအရေခြောက်သွေ့လာတာကြောင့် နောက်တစ်ကြိမ် ထပ်လိမ်းပေးဖို့လိုပါတယ်။

၎။ ကြက်သီးနွေးရေနှင့် မျက်နှာသစ်ပါ

ရေပူပူကို အသုံးပြုပါက သင့်အရေပြားမှာ သဘာဝအတိုင်းရှိနေတဲ့ အဆီတွေကို ဖယ်ရှားပစ်လိုက်ပြီး အသားအရေကို ခြောက်သွေ့စေပါတယ်။ ဒါကြောင့် သင့်အသားအရေအတွက် ကြက်သီးနွေးရေကို အသုံးပြုတာက အသင့်တော်ဆုံးပါ။ မုတ်ဆိတ်ရိတ်တာနဲ့ မုတ်ဆိတ်ရိတ်ပြီး မျက်နှာသစ်ရာမှာ ကြက်သီးနွေးရေကိုသာ အသုံးပြုပါ။

၅။ လက်သည်း၊ ခြေသည်းကို ဂရုပြုပါ

စစ်တမ်းကောက်ယူမှုအရ မိန်းကလေးအများစုက ယောက်ျားလေးတွေရဲ့ လက်သည်း၊ ခြေသည်း ဂရုပြုမှုအပေါ် အကဲဖြတ်တတ်တာကို တွေ့ရပါတယ်။ သင့်မျက်နှာကို အမြဲဂရုပြုသလို လက်သည်း၊ ခြေသည်းတွေကိုလည်း ပုံမှန်ညှပ်ပေးပြီး ဘေးဆွယ်တွေကို သေချာစွာ တံစဉ်းနဲ့ တိုက်ပေးပါ။ ခြေထောက်ကို ကြေးချွတ်ပေးပြီး အစိုဓာတ်ထိန်း ခရင်မ်လိမ်းတာတွေ ပြုလုပ်ပေးပါ။

Health
Mg Mandalay

ဖိလစ်ပိုင်တွင် မွတ်ဆလင်သူပုန်များက ဓားစာခံ အများအပြားကို ဖမ်းဆီးထား

Posted by drmyochit Tuesday, September 10, 2013, under | No comments

ဒုတိယနေ့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့ရာတွင် စစ်တပ်နှင့် သူပုန်တို့ကြား အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပေါ်နေပြီး နှစ်ဖက်စလုံး အကျအဆုံးများ ရှိခဲ့ကြောင်း စစ်ဘက် တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ဖိလစ်ပိုင် နိုင်ငံတွင် ထကြွသောင်းကျန်းနေသည့် မွတ်ဆလင် သူပုန်တပ်များသည် အင်္ဂါနေ့က နောက်ထပ် ဓားစာခံ အများအပြားကို ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။ ဒုတိယနေ့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့ရာတွင် စစ်တပ်နှင့် သူပုန်တို့ကြား အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပေါ်နေပြီး နှစ်ဖက်စလုံး အကျအဆုံးများ ရှိခဲ့ကြောင်း စစ်ဘက် တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ ဖိလစ်ပိုင် တောင်ပိုင်းတွင် ဖြစ်ပွားနေသော ပဋိပက္ခအတွင်း မွတ်ဆလင် သူပုန်များသည် နောက်ထပ် အရပ်သား ဓားစာခံ အမြောက်အမြားကို ဖမ်းဆီး ထိန်းသိမ်းထားလိုက်ကြောင်း စစ်ဘက်က အတည်ပြုခဲ့သည်။ ဇမ်ဘိုအာဂါမြို့နှင့် အနီးတွင် အစိုးရ စစ်တပ်များသည် သူပုန်တပ်ဖွဲ့ဝင် (၃၀၀)ကျော်နှင့် တိုက်ခိုက်နေရကြောင်း သတင်းများက ဆိုသည်။

မိုရိုအမျိုးသား လွတ်မြောက်ရေးတပ်ဦး (MNLF)ဟု အမည်ပေးထားသော သူပုန်တပ်များသည် ငြိမ်းချမ်းရေး ဆွေးနွေးရန် အစီအစဉ်ကို လမ်းချော်စေခဲ့ပြီဟု အစိုးရဘက်က ပြစ်တင် ပြောကြားခဲ့သည်။ ပဋိပက္ခ အစပြုချိန်တွင် သူပုန်တို့သည် ဓားစာခံ (၂၀)မျှကို ထိန်းသိမ်းထားခဲ့သော်လည်း ဇမ်ဘိုအာဂါ မြို့တော်ဝန် မာရီယာ အစ္စဘဲလား ကလီမာကို ဆလာဇာက အင်္ဂါနေ့တွင်မူ ဖမ်းဆီးခံ ဓားစာခံ အရေအတွက်သည် (၁၇၀)မျှထိ ရှိနေပြီဟု ယုံကြည်ရကြောင်း ဝန်ခံခဲ့သည်။ မြို့နှင့် အနီးတဝိုက်ရှိ ရွာ(၆)ရွာတွင် ဖြန့်ကျက်ထားသော သူပုန်တပ်များသည် ရွာခံများကို ဓားစာခံအဖြစ် ဖမ်းဆီးထားခြင်း ဖြစ်သည်။

"သူပုန်တွေက ဓားစာခံတွေကို လူသားတံတိုင်း အနေနဲ့ အသုံးပြုနေတာပါ"ဟု မာရီယာက သတင်းထောက်များအား ပြောကြားခဲ့သည်။ MNLFကို စတင်ထူထောင်သူ နာမစ်ဆူရီ၏ ဦးဆောင်မှုဖြင့် သူပုန်တပ်များသည် တနင်္လာနေ့က ပင်လယ်ကမ်းခြေ ရွာ(၆)ခုကို စတင်တိုက်ခိုက်ခဲ့သည်။ MNLFက မိမိတို့သည် ကက်သလစ် ခရစ်ယာန် ဘာသာဝင်များ အဓိက နေထိုင်သည့် ဖိလစ်ပိုင် နိုင်ငံတွင် မွတ်ဆလင် အများစုရှိနေသော တောင်ပိုင်းဒေသကို လွတ်လပ်စွာ ခွဲထွက်ရန် ကြိုးစားမည်ဟု ကြွေးကြော်ထားသည်။

From: Planet Myanmar Network

နန်းခင်ဇေယျာ၊ သူ့ ပုံတူ ပန်းချီပန်းပုနဲ့ မေရီချက်(ပ်)မင်းကျောင်း

Posted by drmyochit Tuesday, September 10, 2013, under | No comments

နန်းခင်ဇေယျာက မေရီချက်(ပ်)မင်း နားမကြား ကျောင်းကို သွားရောက်ခဲ့တဲ့ အတွေ့အကြုံလေးကို သူ့ ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ အခုလို ရေးသားထားပါတယ်။

နန်းခင် (၉.၉.၂၀၁၃) နေ့ မနက် မှာ ရန်ကုန်မြို့ သံတမန်လမ်းမှာရှိတဲ့ မေရီချက်(ပ်)မင်း နားမကြားသော ကလေးများကျောင်းကို နောက်ထပ် တဖန်ထပ်မံရောက်ရှိခဲ့ပါတယ်။


ကလေးငယ်များနှင့်လည်းရင်းနှီးပြီးဖြစ် သောကြောင့် သူတို့ကလည်းဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြပြီး
ပျော်ရွှင်နေ ကြပါတယ်။
 မေရီချက်(ပ်)မင်းကျောင်းမှာ နန်းခင်ဇေယျာ၏ပုံတူအား ပန်းချီပညာရှင်ဦးရွှေမြင့် နှင့် ပန်းချီပညာရှင်များ၊ ပန်းပုပညာရှင် ဦးကျော်ကျော်မင်း တို့မှ ကျောင်းသားကျောင်းသူများကို လက်တွေ့သရုပ်ပြရေးဆွဲ ထုလုပ်တဲ့ အခမ်းအနားအစီအစဉ်သို့သွားရောက်ပြီး နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ သရုပ်ပြကူညီခဲ့ပါတယ်။   

အနာဂတ်ရဲ့ကြယ်ပွင့်လေးများဖြစ်သော ဤကျောင်းမှ ကလေးငယ်လေးများသည် အကြား အာရုံချို့တဲ့ သော်လည်း အမြင်အာရုံစူးရှပြီး မှတ်ဥာဏ်စွမ်းအားကောင်းကြပါတယ်။

တီထွင်ကြံဆဥာဏ်များလည်းကောင်းကြပါတယ်။ ကျောင်းသားကျောင်းသူကလေးငယ်များ မြန်မာ့လက်မှု အနုပညာရပ်များထဲမှ ပန်းချီနှင့်ပန်းပုပညာရပ်များကို စိတ်ပါဝင်စားလာပြီး သင်ယူတတ်မြောက်လိုစိတ်များ   ဖြစ်ပေါ်လာစေရန်၊ မြန်မာ့လက်မှုအနုပညာများကို တန်ဖိုးထားပြီး အမွေဆက်ခံ ထိန်းသိမ်း  စောင့်ရှောက် တတ်စေရန်ရည်ရွယ်ပြီး ပန်းပုပညာရှင် ဦးကျော်ကျော်မင်းမှ ဒီအစီအစဉ်လေးကို စီစဉ်  ဆောင်ရွက် ခဲ့ခြင်းဖြစ်ပါတယ်။

ပန်းချီပန်းပုပညာရှင် ဆရာများမှ နန်းခင်ရဲ့ ပုံတူ ရေးဆွဲထုလုပ်နေစဉ်မှာ နန်းခင် ပူးပေါင်းကူညီ သရုပ်ပြ
ပေးခဲ့ပါတယ်။ ဆရာတို့မှ ကျောင်းသားကျောင်းသူလေးများကိုလည်း သင်ကြားပြသပေးခဲ့ကြပါတယ်။ စိတ်ပါဝင်စားကြတဲ့ ကျောင်းသားကျောင်းသူလေးများကလည်း နန်းခင်ပုံတူ ပန်းချီကားချပ်လေးများ ကိုရေးဆွဲပြီး နန်းခင်ကို လက်ဆောင်ပေးခဲ့ကြပါတယ်။

 ဒီအစီအစဉ်ဖြစ်မြောက်အောင်စီစဉ်ပေးခဲ့ကြသော ပန်းပုပညာရှင် ဦးကျော်ကျော်မင်း၊ ပန်းချီပညာရှင် ဦးရွှေမြင့် နှင့်ပန်းချီပညာရှင်များ၊ မေရီချက်(ပ်)မင်း နား မကြားသောကလေးများ ကျောင်းမှ ဆရာ ဆရာမများ ၊ ကျောင်းသားကျောင်းသူမောင်ညီမလေးများ၊ ဒီအစီအစဉ်လေးမှာ ဓာတ်ပုံမှတ်တမ်းတင်ပေး ခဲ့ပါသော ကိုအောင်မျိုးမြင့် AMM Photography နှင့် ကိုထွန်းထွန်းဦး (Focus)တို့နှင့် ကူညီဆောင်ရွက် ခဲ့ကြသော ကျေးဇူးတင်ထိုက်သူအားလုံးတို့ အား ကျေးဇူးအထူးတင်ရှိ ပါကြောင်းနှင့် ယခုလိုပါဝင်
ဆောင်ရွက်ခဲ့ရတဲ့ အတွက်လည်း အထူးပင်ဝမ်းမြောက်ဝမ်း သာဖြစ်ရပါကြောင်း နန်းခင်ရဲ့ Facebook စာမျက်နှာမှနေ၍ ပြောကြားပါရစေရှင်…။

နန်းခင်နှင့်အတူ နန်းခင်ကိုချစ်တဲ့ ပရိသတ်ကြီးလည်း ဝမ်းမြောက်ပီတိဖြစ်စေရန် ရည်သန်၍ …….

“နန်းခင် နှမရဲ့ ရုပ်သွင်ကို
 မြန်မာ့လက်မှု ပန်းချီပန်းပုပညာဖြင့်
 မှုန်းခြယ်ထွင်းထုကာအသက်သွင်း
 ပညာရှင်များ ဖန်ဆင်းလို့
 အနုလက်ရာမြောက်ပါတဲ့
 နန်းခင်ရဲ့ ပုံတူများ ……”

နန်းခင်ဇေယျာ





ြ့မန်မာလူမျိုးများ မသိမဖြစ် သိထားအပ်သော ဗုဒ္ဓ၀င် အကျဉ်းချုပ်

Posted by drmyochit Tuesday, September 10, 2013, under | No comments



ကျွန်တော်ယခုတင်ပြမယ့် အကြောင်းအရာကတော့ ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းတို့ သိပြီးသား တွေဖြစ်တဲ့ မြတ်စွာဘုရားရှင် မွေးဖွားသည့် အချိန်မှစ၍ ပရိနိဗ္ဗာန်ပြုသည့် အချိန်အထိ သိမှတ်ဖွယ်ရာများ ကို ဗုဒ္ဓဘာသာဝင်များ အလွယ်တကူ သိမှတ်စေရန် ရည်ရွယ်၍ရေးသားခြင်းဖြစ်ပါသည်။

အမည်- သိဒ္ဓတ္ထ ဂေါတမ

ခမည်းတော် - သုဒ္ဓေါဒန ဂေါတမ မင်းကြီး

မယ်တော် - မိဖုရား မဟာ မာယာ (မွေးဖွားပြီး ခုနှစ်ရက်အကြာတွင်သေဆုံးသည်)

လူမျိုးစု - ခတ္တိယ

မိထွေးတော် - မဟာပဇာပတိ ဂေါတမီ

မွေးဖွားသည့်ရက် - ခရစ်မပေါ်မီ ၆၂၃ ခု၊ မေလ ၊ သောကြာနေ့
မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့်နေ့

မွေးဖွားသည့်ဒေသ - လုမ္ဗိနီအင်ကြင်းဥယျာဉ်၊ ကပိလ၀တ်ပြည်

မွေးဖွားသည့်တိုင်းပြည် - အိန္ဒိယ (ယခု နီပေါနိုင်ငံ) မဇ္ဈိမဒေသ

မွေးဖွားသည့်နေရာရှိအပင် - အင်ကြင်းပင်

ပထမဦးဆုံးပြောသည့်စကား - “ငါသည် တလောကလုံးတွင်အမြတ်ဆုံးဖြစ်၏”

ဖွားဖက်တော် ခုနှစ်ဦး- ယသော်ဓရာမင်းသမီး၊ ညီတော်နန္ဒ၊ ကာဠုဒါယီအမတ်လောင်း၊ ဆန္ဒအမတ် လောင်း၊ ကဏ္ဍကမြင်း၊ ရွေအိုးကြီးလေးလုံး၊ ဗောဓိပင်

အိမ်ထောင်ပြုသည့်အသက် - ၁၆ နှစ်

ဇနီး - ယသော်ဓရာ မင်းသမီး (၀မ်းကွဲနှမ)

သားတော် - ရာဟုလာ

ယောက္ခမတော်များ - သုပ္ပဗုဒ္ဓမင်းကြီး (ဒေ၀ဒဟပြည်မင်းကြီး)၊မိဖုရား အမိတ္တာ(သုဒ္ဓေါဒန မင်းကြီး၏ အမတော်)

ယောက်ဖတော် - ဒေ၀ဒတ် (ညီအကိုဝမ်းကွဲ)

ကောဏ္ဍညပုဏ္ဏားပြောသည့်စကား - “အရှင်သားတော်သည် တောထွက်၍ ဘုရားဧကန်ဖြစ်လိမ့်မည်”

နမိတ်ကြီးလေးပါး - သူအို၊သူနာ၊သူသေ၊ရဟန်း

သားတော်မွေးဖွားပြီးပြောသည့်စကား - “ရာဟုဖမ်းပြီ၊အနှောင်အဖွဲ့ဖြစ်ပြီ”

တောထွက်သည့်အသက် - ၂၉နှစ်၊(အိမ်ထောင်ပြုပြီး ၁၃ နှစ်အကြာ)

တောထွက်သည့်အချိန် - ခရစ်မပေါ်မီ ၅၉၄ ခု၊ ဇူလိုင်လ၊ တနင်္လာနေ့ (ညလယ်)၊မဟာသက္ကရာဇ် ၉၇ ခု၊ ၀ါဆိုလပြည့်နေ့

မြင်းရထားမောင်းသူ - ဆန္ဒအမတ်

တော်ဝင်မြင်းအမည် - ကဏ္ဍက (သခင်နဲ့ခွဲပြီးနောက်သေဆုံးသွားသည်)

ဖြတ်သွားသည့်မြစ် - အနော်မာ

သွားသည့်နေရာ - ဥရုဝေလတော

ဘုရားလောင်းအားနောက်ဆုံးဆွမ်းကပ်သူ - သုဇာတာ ဃနာနို့ဆွမ်း( ၄၉ လုပ်မျှသာ)

ဘုရားလောင်းအားမြက်လှူဒါန်းသူ- သောတ္ထိယ မြက်ရိတ်သမားမှမြက်ရှစ်ဆုပ်လှူဒါန်းသည်

ကျင့်ကြံမှု - မဇ္ဈိမ ပဋ္ဋိပဒါလမ်းစဉ်၊ ၀င်လေထွက်လေကို ရှုမှတ်ခြင်း

နေရာ - အိန္ဒယနိုင်ငံ၊ ဘီဟာပြည်နယ်တွင်ရှိသော ဗုဒ္ဓဂါယာ -

အမှီပြုသည့်အပင် - ဗောဓိပင်

တရားအားထုတ်- ၆ နှစ်

ဘုရားဖြစ်သည့်အသက် - ၃၅ နှစ်

ဘုရားဖြစ်သည့်နေ့ - ခရစ်မပေါ်မီ ၅၈၈၊မေလ၊ ဗုဒ္ဓဟူးနေ့၊မဟာသက္ကရာဇ် ၁၀၃၊ ကဆုန်လပြည့်နေ့

တရားဦးဟောသည့်နေရာ - သမင်ခြံ၊ မိဂဒါဝုန်တော၊

တရားဦးဟောသည့်အချိန် - စနေနေ့၊ ဇူလိုင်လ၊ ခရစ်မပေါ်မီ ၅၈၈ မဟာသက္ကရာဇ် ၁၀၃၊ ၀ါဆိုလပြည့်နေ့

ဟောသည့်တရားဦး - ဓမ္မစက္ကပ၀တ္တနသုတ္တန်တရားတော်

ပထမဆုံးသံဃာငါးဦး - အရှင်ကောဏ္ဍည၊ အရှင်ဝပ္ပ၊ အရှင်ဘဒ္ဓိယ၊ အရှင်မဟာနာမ်၊ အရှင်အဿဇိ

အမျိုးသားဓမ္မသေနာပတိ- ရှင်သာရိပုတ္တရာမထေရ် (ဥပတိဿ)၊ လက်ယာရံ။ ရှင်မောဂ္ဂလာန် မထေရ်(ကောလိတ)၊ လက်ဝဲရံ
အမျိုးသမီးဓမ္မသေနာပတိ - ခေမာ ထေရီ၊ လက်ယာရံ (ဗိမ္ဗိသာရမင်းကြီး၏မိဖုရား)။ ဥပ္ပလ၀ဏ် ထေရီ ၊လက်ဝဲရံ

ဘုရားရှင်အားနောက်ဆုံးဆွမ်းကပ်သူ - စုန္ဒ (၀က်ပျိုသားဆွမ်း)

ရောဂါ - သွေးဝမ်းသွားရောဂါ
သက်တော် - ၈၀ နှစ်
ဝါတော် - ၄၅ ၀ါ

ပရိနိဗ္ဗာန်ပြုသည့် အပင် - အင်ကြင်းပင်နှစ်ပင်ကြား

ပရိနိဗ္ဗာန်ပြုသည့်နေရာ - အင်ကြင်းဥယျာဉ်၊ ကုသိနာရုံပြည် (ယခု ဥတရာပတ်၊ အိန္ဒိယနိုင်ငံ)

ဗုဒ္ဓ၏ နောက်ဆုံးသာဝက - သုဘဒ္ဒ မထေရ်

ဗုဒ္ဓ၏ နောက်ဆုံးစကား - “ သင်္ခါရတရားတို့သည် ပျက်စီးခြင်း သဘောရှိကြသည်။ သင်ချစ်သားတို့ မမေ့မလျော့သောသတိတရားတို့ဖြင့် အားထုတ်ကြကုန်လော့” ( အပ္ပမာဒေန သမ္မာဒေထ)

ပရိနိဗ္ဗာန်ပြုသည့်အချိန် - ခရစ်မပေါ်မီ ၅၄၃ ခု၊ မေလ၊ အင်္ဂါနေ့ မဟာသက္ကရာဇ် ၁၄၈ ခု၊ ကဆုန် လပြည့်နေ့

Original up-loader

KIA နှင့် UWSA အပါအ၀င် လက်နက်ကိုင်အဖွဲ့များ၏ ရာဘနှင့် မူးယစ်ဆေးဝါးစက်ရုံများအား ဘင်္ဂလားဒေ့ရှ် သတင်းစာများမှ ထုတ်ဖော်ပြောကြားခဲ့

Posted by drmyochit Tuesday, September 10, 2013, under | No comments





မြန်မာနိုင်ငံတွင် အမြောက်အမြားထုတ်လုပ်နေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ မူးယစ်ဆေးဝါးစက်ရုံများအားပိတ်သိမ်းပေးဖို့ဖိအားပေးရန်အတွက် မြန်မာအစိုးရအား မေတ္တာရပ်ခံတိုက်တွန်းသွားမည်ဖြစ်ကြောင်း   နှင့် နှစ်နိုင်ငံအကြား  မူးယစ်ဆေးဝါးနှိမ်နှင်းမှုများတွင် ပိုမိုပူးပေါင်းဆောင် ရွက်သွားရန် လိုအပ်ကြောင်း ၅.၉.၂၀၁၃ ရက်နေ့ထုတ် The Daily Star သတင်းစာ နှင့် The Independent သတင်းစာတို့တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။
 
 မြန်မာနိုင်ငံအတွင်းရှိ ရာဘစက်ရုံများမှတ်တမ်းများအရ   KIA မှ စက်ရုံ (၁၀) ရုံအား ကွတ်ခိုင်တွင်၎င်း ၊ ဦးယော ပြည်သူ့စစ်နှင့် Holi Tract စက်ရုံ (၁) ရုံစီအား ကွမ်းလုံတွင်၎င်း ၊ ပန်းဆေးကျော်မြင့် (ခ) ရန်မော်လင်းမှ စက်ရုံ (၂) ရုံအား  နမ့်ခမ်းတွင်၎င်း ၊  မိုင်းပန်ပြည်သူ့စစ်၊ မိုင်းလားပြည်သူ့စစ်နှင့် ရှမ်းပြည်မြောက်ပိုင်း RCSS ပိုင် စက်ရုံ (၃) ရုံအား  တန့်ယန်းတွင်၎င်း ၊ ရှမ်းပြည် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (SNPL) နှင့် နားရိုင်းအဖွဲ့တို့၏ စက်ရုံ (၂) ရုံအား နမ့်စန် နှင့် ကောင်ဆိုင်း၊ ဟိုနမ့်ဒေသတို့တွင်၎င်း ၊ မဟာဂျာမှ စက်ရုံ (၂) ရုံအား ဟိုမိန်းတွင်လည်း၎င်း ၊ UWSA (၀အဖွဲ့) နှင့် ကိုးကန့်အဖွဲ့တို့မှ စက်ရုံ (၂) ရုံအား မိုင်းတုံတွင်လည်း၎င်း ၊ UWSA  နှင့် လားဟူပြည်သူ့စစ်တို့မှ စက်ရုံ (၂) ရုံအား မိုင်းဆတ်တွင်၎င်း ၊ အခြား စက်ရုံ (၃) ရုံအား တာချီလိတ်တွင်၎င်း၊ UWSA မှ စက်ရုံ (၁) ရုံအား မိုင်းပန်တွင်၎င်း ၊ SNPLO မှ စက်ရုံ (၂) ရုံအားး မောက်မယ်တွင်၎င်း ၊ MNDAA မှ စက်ရုံ (၁) ရုံအား ကိုးကန့်တွင်၎င်း ထုတ်လုပ်လျှက် ရှိပြီး တံဆိပ် ၁၃ မျိုးဖြင့် နိုင်ငံအသီးသီးသို့ ဖြန့်ဖြူးရောင်းချလျက်ရှိသည်ဟု ဖော်ပြသွားခဲ့သည်။
 
မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ရာဘနှင့် မူးယစ်ဆေးဝါး များကိုလူငယ်များအကြားရောင်းချရန်ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ မှောင်ခိုလမ်းကြောင်းဖြင့် နတ်မြစ် အားဖြတ်သန်း၍ တင်သွင်းလာကြကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး Dr.Mohiuddin Khan Alamgir က နိုင်ငံသူ၊ နိုင်ငံသားများအား သတိပေးပြောကြားခဲ့သည်။
 
 မြန်မာအစိုးရအနေဖြင့် မူးယစ်ဆေးဝါးပပျောက်ရေးလုပ်ငန်းများကို မူဝါဒများ၊ စီမံချက်များဖြင့် အကောင်အထည်ဖော်၍ အောင်မြင်စွာဆောင်ရွက်လျက်ရှိသော်လည်း အဓိကကျသည့် KIA၊ UWSA အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ၄င်းတို့ အဖွဲ့အစည်းရပ်တည်ရေးအတွက် မူးယစ်ဆေးဝါးများအား ဆက်လက် ထုတ်လုပ်နေမှုခြင်းအပေါ်   မြန်မာအစိုးရ အနေဖြင့်  ပြင်းပြင်းထန်ထန် ကိုင်တွယ်သင့်ကြောင်း အကြံပြုပြောကြားခဲ့သည်။
 
ယနေ့ အချိန်တွင် မြန်မာနိုင်ငံသည် ဘိန်းထွက်ရှိသည့် နေရာတခုသက်သက် မဟုတ်တော့ပါ။ ထိုင်းနိုင်ငံ တွင် လူ သန်းနှင့် ချီ၍ သုံးစွဲနေကြသည့် မက်သဖက်တမင်း စိတ်ကြွဆေးအများစုကို ထုတ်လုပ်ပေး သည့် နေရာလည်း ဖြစ်နေပါသည်။ အမေရိကန် ကွန်ဂရက်လွှတ်တော် သုတေသနအဖွဲ့၏ ခန့်မှန်းမှု အရ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်များ၏   မူးယစ်ဆေး ကုန်သွယ်မှုပမာဏသည် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁ ဘီလီယံနှင့်  ၂ ဘီလီယံကြားတွင်ရှိသည်ဟု သိရသည်။
 
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင်ဘိန်းစိုက်ပျိုးမှု အများဆုံးနိုင်ငံနေရာကို အာဖဂန်နစ္စတန်သို့ပေးအပ်လိုက် ရသည်မှာ     ကြာခဲ့ပြီဖြစ်သော်လည်း     ဒုတိယနေရာမှာတော့ခိုင်ခိုင်မာမာ ရပ်တည်လျှက် ရှိနေသေးပေ သည်။

ပရိုမီးသီးယပ်စ်
Source - http://www.thedailystar.net/beta2/news/mka-admits-alarming-situation/
http://www.theindependentbd.com/index.php?option=com_content&view=article&id=184590:dhaka-urges-yangon-to-shut-down-yaba-factories&catid=132:backpage&Itemid=122

ကျောင်းစိမ်းတွေမြင်ရင် ကျောင်းပြန်တက်ချင်နေတဲ့ နန်းဆုရတီစိုး

Posted by drmyochit Tuesday, September 10, 2013, under | No comments


မော်ဒယ်လ်အဖြစ်တင်မက သရုပ်ဆောင်ပါလုပ်ပြီး အခွင့်အရေးရရင် သီချင်းပါ ဆိုကြတာက ဒီကနေ့ရဲ့ မျိုးဆက်သစ် အနုပညာရှင်တွေပါပဲ။ မျိုးဆက်သစ် အနုပညာရှင်တွေကို ကြည့်လိုက်ရင် ယေဘုယအားဖြင့် အနုပညာ လောဘကြီးမားလွန်းလှတယ်ဆိုတာ မျက်စိမှိတ်ပြီး ခေါင်းညှိတ်ဝန်ခံကြရမှာပါ။ အဲဒီလူငယ်တွေထဲမှာ “နန်းဆုရတီစိုး” ဆိုတဲ့ နာမည်တစ်ခုကလည်း ရှိနေပြန်ပါသေးတယ်။ နန်းဆုရတီစိုးရဲ့ ဘ၀အပိုင်းအစ အမှတ်တရ အဖြစ်အပျက်လေးတွေကို သူနဲ့တွေ့ဆုံစဉ်အခိုက် အခုလို စကားပြောဖြစ်ခဲ့ရာမှာတော့............


ကျောင်းစိမ်းလေးတွေမြင်ရင် ကျောင်းပြန်တက်ချင်တယ်

နန်းဆုက ကျောင်းစိမ်းမြင်ရင် အမြဲတမ်း ကျောင်းပြန်တက်ချင်တယ်။ အဲဒါလေးကိုတော့ အမြဲတမ်း ပြန်လွမ်းနေမိတယ်။ နောက်ပြီး အဖေ၊ အမေတွေရဲ့ အုပ်ထိန်းမှုအောက်မှာ လွတ်လပ်ပြီး အပူအပင်ကင်းမဲ့စွာ နေခဲ့ရတာကို လွမ်းတယ်။ အဲဒီအချိန်တုန်းက သူတို့တွေရဲ့ ဂရုစိုက်မှုတွေက အခုအချိန်မှာ အမှတ်တရအဖြစ် ကျန်ခဲ့တယ်။ အဲဒီအချိန်တုန်းက ဂရုစိုက်မှုနဲ့ အခုအချိန်ဂရုစိုက်မှုက ဘယ်လိုမှ မတူနိုင်တော့ဘူး။


သင်္ကြန်လည်ရတဲ့ ဘ၀ကို လွမ်းတယ်

ကြုံခဲ့ရတာတွေထဲက မှတ်မိတာကို ပြန်ပြောရရင် သင်္ကြန်လည်ရတဲ့အချိန်မှာ မိဘတွေရဲ့ ရင်ခွင်ထဲမှာ မျက်နှာသုတ်ပ၀ါလေးပတ်ပြီးတော့ နေခဲ့ရဖူးတယ်။ အခုအချိန်မှာတော့ မိသားတွေက တစ်ယောက် တစ်နေရာစီ ရောက်နေကြပြီလေ။ ပြီးတော့ သင်္ကြန်ဆိုရင် အခုအချိန်မှာ ကားနဲ့လျှောက်လည်ဖို့ မလွယ်တော့ဘူး။ သင်္ကြန်လည်ရတဲ့ ဘ၀တွေကိုလည်း ပြန်ပြီးလွမ်းမိတယ်။


သူငယ်ချင်းတွေရဲ့ ချစ်ခင်မှုကို ရခဲ့တယ်

နန်းဆုတက္ကသိုလ်တက်ခဲ့တုန်းက အနုပညာအလုပ် စလုပ်ပြီဆိုပေမယ့် ကျောင်းသူတစ်ယောက်ရဲ့ ပုံစံမျိုးနဲ့ပဲ နေတယ်။ ဘာပဲဖြစ်ဖြစ် ကျောင်းရောက်သွားရင် ကိုယ်ကကျောင်းသူပဲလေ။ အနုပညာအလုပ်လုပ်နေရင် ကိုယ်ကသရုပ်ဆောင် မင်းသမီးပေါ့။ ပြီးတော့ ကျောင်းမှာဆိုရင်လည်း အားလုံးနဲ့ ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး ရောရောနှောနှောနေတယ်။ အဲဒါကြောင့်လည်း သူငယ်ချင်းတွေရဲ့ ချစ်ခင်မှုကို အပြည့်ရခဲ့တယ်။


အမှတ်တရတွေ အများကြီးတယ်

နန်းဆုရဲ့ အမှတ်တရတွေကို ပြောရမယ်ဆိုရင်တော့ အများကြီးရှိတယ်။ သေးသေးလေးတွေရော အကြီးကြီးတွေပါ ပါတယ်။ ဒါပေမယ့် ရုတ်တရက်ကျတော့ သိပ်မမှတ်မိဘူး။ အနုပညာလောကထဲက အမှတ်တရတွေလည်း အများကြီးရှိတယ်။ အနုပညာလှုပ်ရှားမှု တစ်ခုချင်းကလည်း နန်းဆုအတွက် အမှတ်တရတွေချည်းပါပဲ။

Friday(Malay)

တရုတ်ပြည်မှာ မြန်မာ့ဆန် တရားမ၀င်ဖြစ်နေ

Posted by drmyochit Tuesday, September 10, 2013, under | No comments



မြန်မာ့ဆန်များ တရုတ်ပြည်ဈေးကွက်သို့ တင်ပို့နေကြသော်လည်း တရုတ်ပြည်ရောက်လျှင် တရားမ၀င် ဖြစ်နေကြောင်း ဆန်ကုန်သည်များထံမှ သိရသည်ဟု ဆိုသည်။

ဦးစိုင်းမောင်လှိုင်က ပြောပြသည်မှာ “ကျွန်တော်တို့ မြန်မာပြည်ဘက်က တရုတ်ပြန်ဘက်ကို ပို့မယ်ဆိုရင် ပြည်တွင်းမှာ အခွန်ဆောင်ပြီးမှ ပို့ပါတယ်။ ဒီဘက် တရားဝင် တင်ပို့တာပါ။ မြန်မာပြည်ဘက်က ပြည်ပပို့ဆန် ၈၅ရာခိုင်နှုန်းအား တရုတ်ပြည်ကို တင်ပို့နေတာပါ။ အဲဒီဆန်တွေဟာ ရွှေလီဈေးကွက်ကို ရောက်ရင်တော့ တရားမ၀င် ဖြစ်သွားတယ်။ မှောင်ခို ရောင်းတာ ၀ယ်တာပဲ။ ပြီးတော့ ဈေးကွက်ထဲမှာ ဆန်ဝင်ရောက်မှုပေါ် မူတည်ပြီး ဈေးအတက်အကျလည်း ဖြစ်တယ်။ ဆန်ဈေးက သူတို့ လက်ခုပ်ထဲက ရေပါပဲ”ဟု ပြောသည်။

“ဒါ့အပြင် ရွှေလီဈေးကွက်ထဲမှာ အမှတ်မထင် ဖမ်းတာဆီးတာတွေ ဖြစ်ခဲ့ရင်လည်း တစ်ဖက်ကုန်သည်နဲ့ ပေးရန်ရရန် အရင်းတွေ ကတိက၀တ်တွေ ပျက်ကြပြန်တယ်။ ဒီအခါမှာ မြန်မာဆန်ကုန်သည်တွေဘက်ကပဲ နစ်နာရပါတယ်”ဟု ၄င်းကပြောသည်။ ဦးစိုင်းမောင်လှိုင်က ဆက်လက်ပြောပြသည်မှာ “မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းဟာ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ နယ်စပ်ဂိတ်အားလုံးရဲ့ ၀င်ငွေ ၇၀ရာခိုင်နှုန်းကို ရှာဖွေပေးနေတာ ဖြစ်တယ်။ မိမိတို့နိုင်ငံက ရသင့်ရထိုက်တာကို ရချင်ပါတယ်။ လုပ်ငန်းရှင်အချင်းချင်း ညှိုနှိုင်းပြီး တင်ပို့နေရတဲ့ အခြေအနေ ဖြစ်ပါတယ်။ နိုင်ငံတော်အဆင့် သက်ဆိုင်ရာ ၀န်ကြီးဌာနများက နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ပေးစေ လိုပါတယ်”ဟု တင်ပြခဲ့ကြောင်း သိရသည်။

From: Myanmar ICT

အိမ်ဖေါ်အား မီးပူနှင့်ထိုးခဲ့သူကို ယနေ့အထိမဖမ်းဆီးသေး

Posted by drmyochit Tuesday, September 10, 2013, under | No comments

ပဲခူးမြို့တွင် လွန်ခဲ့သည့်(၂၅.၃.၂၀၁၂)နေ့က တိုင်းတရားသူ ကြီးဟောင်း ယခု (တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ) အိမ်တွင်ငှားရမ်း နေထိုင်သော ပဲခူးမြို့နယ် တရားသူကြီး ဦးအောင်ဖုန်းဝင်း၏ ဇနီး ဒေါ်ဖြူဝင်းသက်(၃၆-နှစ်)မှ ၄င်းအိမ်တွင် အိမ်ဖေါ်အဖြစ် အလုပ်လုပ်ကိုင်သူ မအေးယုအောင်(၁၅-နှစ်)အားမီးပူနှင့် ထိုးခဲ့သဖြင့် မအေးယုအောင်၏ လည်ပင်းနှင့် ရင်ဘတ်တို့တွင် ဒါဏ်ရာများ ရရှိခဲ့သည်ကိုအမှတ်(၃) ရဲစခန်းမှတဆင့် ပဲခူးမြို့နယ် တရားရုံး သို့ တိုင်တန်းခဲ့ရာတွင် (၉.၅.၂၀၁၃)နေ့တွင် ပဲခူးမြို့နယ်တရားသူကြီး ဒေါ်ခင်မေယုမှ တရားလိုနှင့် သက်သေများကို ခေါ်ယူစစ်ဆေးခဲ့ပြီး တရားခံဟု စွပ်စွဲခံရသူသည် တရားရုံး၏ရှေ့မှောက်သို့ ယနေ့အချိန်အထိ လာရောက်ဖြေရှင်း ဆောင်ရွက်မှု မရှိသေးသဖြင့် ဒေါ်ဖြူဝင်းသက်အား ပဲခူးမြို့နယ် တရားရုံးမှ တရားခံပြေး အဖြစ်ကြေငြာထား ကြောင်းသိရှိရသည်

အလင်းရောင်
Myanmar News Now

အချိန်ပိုခိုင်းလျှင် အလုပ်သမားဌာနသို့ ကြိုတင်အကြောင်းကြားရမည်

Posted by drmyochit Tuesday, September 10, 2013, under | No comments


ပြည်တွင်း စက်မှုလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ စက်ရုံတွင် အလုပ်အချိန်ပို ခိုင်းစေမှုများ လုပ်ဆောင်မည်ဆိုပါက သက်ဆိုင်ရာ အလုပ်သမားဌာနများသို့ ကြိုတင်အကြောင်းကြားမှုများ ပြုလုပ်ရန် လိုအပ်ကြောင်း၊ အလုပ်သမား ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချူပ် ဦးဝင်းရှိန်က ပြောကြားသည်ဟု သိရသည်။ လက်ရှိ စက်မှုလုပ်ငန်းများတွင် အလုပ်သမားများကို သတ်မှတ်ထားသည့် အလုပ်ချိန်ထက် အချိန်ပို ခိုင်းစေမှုများ ရှိနေခြင်းကြောင့် အလုပ်ရှင်များအနေဖြင့် ဥပဒေအရ အရေးယူခံရခြင်းများ မဖြစ်ပေါ်စေရန်အတွက် မိမိတို့၏ စက်ရုံတွင် အလုပ်ချိန် ခိုင်းစေမှုများအား ကြိုတင်အကြောင်းကြားရန် လိုသည်ဟု ယင်းက စက်တင်ဘာ ၇ရက်တွင် လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေးရုံး၌ ပြုလုပ်သော တွေ့ဆုံပွဲတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေမှူးချူပ် ဦးဝင်းရှိန်က “ရှေ့တစ်ပတ်က အလုပ်သမားရုံးက သူတွေနဲ့ လှိုင်သာယာ၊ ရွေပြည်သာ၊ အင်းစိန်၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်းနဲ့ မင်္ဂလာဒုံက စက်ရုံတွေမှာရှိတဲ့ စက်ရုံပေါင်း ၁၄၃ရုံစစ်တဲ့နေရာမှာ အထည်ချူပ်စက်ရုံ ၂၇ရုံမှာ အချိန်ပို ခိုင်းစေမှုတွေက သတ်မှတ်ချက်နဲ့ မကိုက်ညီတာ တွေ့ခဲ့ရတယ်”ဟု ဆိုသည်။ ယင်းက ဆက်လက်၍ အဆိုဥပဒေ သတ်မှတ်ချက်ထက် ကျော်လွန် လုပ်ဆောင်မှုများအား နောက်တစ်ကြိမ် ထပ်မံစစ်ဆေး တွေ့ရှိပါက ဥပဒေအရ ရင်ဆိုင်ရမည်ဖြစ်ကြောင်း၊ အမှာစာတွေ ကောင်းသော်လည်း မိမိစက်ရုံရှိ လုပ်သားများ၏ လုပ်နိုင်စွမ်းအားအပေါ် မူတည်ကာ လက်ခံသင့်ကြောင်း သတ်မှတ်ချက်ဖြစ်သည့် တစ်ပတ်နာရီ ၂၀ထက် မကျော်လွန်ရန် လိုအပ်ကြောင်းပြောသည်။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးထင်အောင်က ပြည်တွင်း စက်ရုံများအနေဖြင့် ၂၀၁၅ခုနှစ်အရောက်တွင် အာဆီယံလွတ်လပ်သော စီးပွားရေး အသိုက်အမြုံနှင့်အတူ AFTAအား ဘေးပတ်ဝန်းကျင် နိုင်ငံများနှင့် ယှဉ်ပြိုင်ကျော်ဖြတ်ရမည် ဖြစ်သည့်အတွက် အလုပ်ရှင်၊ အလုပ်သမားတို့၏ နားလည်မှုရှိစွာဖြင့် လုပ်ငန်းတိုးတက်ရေးအား ပြုလုပ်သင့်ကြောင်း၊ အလုပ်ချိန်အား ဥပဒေတွင် ဖော်ပြထားချက် ဖြစ်သည့် တစ်နေ့ရှစ်နာရီတွင် အမှန်တကယ် အရေးကြီးသည့်နေ့မှတပါး ကျန်အချိန်များတွင် အချိန်ပိုအား အလုပ်သမားနှင့် ညှိနှိုင်း၍ သုံးနာရီထက် မပိုစေသင့်ဟု အဆိုပါပွဲတွင် လုပ်ငန်းရှင်များကို ပြောသည်။

Credit:   Myanmar ICT

မယ်ကမ္ဘာပြိုင်ပွဲဝင်တဲ့ အလှဂေးများ

Posted by drmyochit Tuesday, September 10, 2013, under | No comments


မယ်ကမ္ဘာပြိုင်ပွဲ အင်ဒိုနီးရှား ပိုလာဘာလီမှာ ကျင်းပနေပါပြီ။
နိုင်ငံတကာ အလှမယ် တရာကျော် ၀င်နေပြိုင်နေတာပါ။

ဝင်ပြိုင်သူ တရာကျော်ထဲက တချို့ရဲ့အကြောင်းကို အတိုချုပ် မိတ်ဆက်ပေးလိုက်ပါပြီ။

ဒီပွဲကို မြန်မာပြည်က ၀င်မပါပါဘူး။
ဘာကြောင့် မပါသလဲ ဆိုတဲ့အချက်ကို မသိရသေးပါ။

လောလောဆယ် ... အလှအပများစွာထဲက ၆ ဦးအကြောင်းကို တချက် ကြည့်လိုက်ကြရအောင် ...

Ersela ၂၃ နှစ်၊ အယ်လ်ဘေးနီးယားနိုင်ငံ

ဥပဒေ မဟာဘွဲ့ယူဖို့ ပညာသင်နေတယ်၊
လတ်တလော သူတို့ဆီက ရုပ်မြင်သံကြား အစီအစဉ်တချို့မှာ သူ့ရဲ့ အကအလှတွေ တွေ့ရမယ်၊ ကခုန်၊ ရေကူး၊ ဆိုင်ကယ်မောင်းပြိုင်တာတို့ကို စိတ်ဝင်စားပါတယ် တဲ့။


Erin  ၂၄ နှစ် သြစတေးလျ Cairns, North Queensland

အဆိုတော်၊ အခမ်းအနား စီစဉ်တင်ဆက်သူ၊ ကချေသည်၊ မော်ဒယ် ဆိုတာတွေက သူ့အလုပ်အကိုင်။
အဆိုပိုင်တယ်၊ ကလဲရီနက်၊ ဆက်ဆိုဖုန်း အစရှိတဲ့ လေမှုတ်တူရိယာတွေလည်း ပိုင်နိုင်တယ်။
ဘောလုံးပွဲကြည့်၊ ယောဂကျင့်၊ စာဖတ်တာတို့ကို ဝါသနာပါ။
အာရှ အစားအစာတွေ ကြိုက်တယ်။ ဆစ်ဒနီမှာ နေတယ်။


Vania Larissa ၁၇ နှစ် အင်ဒိုနီးရှား
အဆို တော်တယ်၊ ရုပ်သံမှာလည်း ခေသူ မဟုတ်။

သူ့ရဲ့ ထူးခြားချက်က
၁။ အိမ်ရှင်ဖြစ်နေပါတယ်။
၂။ အသက် ငယ်လွန်းတယ်။
၃။ သူ့ရဲ့ Facebook က တခြား အလှမယ်များထက် ပရိသတ် ပိုများပုံပဲ။ လေးသောင်းကျော် ရှိပါတယ်။

Alexandra ၂၄ နှစ် နော်ဝေ
ရှေးဟောင်းသုတေသနနဲ့ ဘွဲ့ယူနေတယ်၊ စာရေးအသက်မွေးဖို့အတွက် စာနယ်ဇင်းပညာ သင်နေ၊
စစ်မြေပြင်သတင်းသမား၊ ဒေသခံမီဒီယာအဖွဲ့တခုမှာ လုပ်ကိုင် စသဖြင့် လုပ်ကိုင်ချင်။
အားရင် ဘောလုံးကန်၊ အားကစားလုပ်၊ စာဖတ်။


Sherrece ၁၉ နှစ် Trinidad and Tobago ကျွန်းနိုင်ငံ

ကမ္ဘာကျော် မော်ဒယ် သို့မဟုတ် သရုပ်ဆောင် ဖြစ်လို။
လက်ဝှေ့ထိုး၊ ဘောလုံးကန်တာကြိုက်။
ကာနီဗယ်ပွဲတော်မှာ သူတို့ကျွန်းနိုင်ငံကို လာလည်ကြစေလို။


Gabrielle Shaw ၁၉ နှစ် ဝေလ

ဥပဒေနဲ့စီးပွားရေးဆိုင်ရာဘွဲ့ရဖို့ ကြိုးပမ်းနေသူ၊ ဆိုင်မန်နေဂျာ။
အက အခုန် အဆို ဝါသနာပါ။ သူ့ရဲ့ဒေသ  ဝေလကို နိုင်ငံတခုလို့လည်း ဆိုင်ပါတယ်။ ပြည်နယ်လို့လည်း ပြောနိုင်ပါတယ်။

Wales is a country that is part of the United Kingdom and the island of Great Britain လို့ အင်တာနက်မှာ တွေ့ရပါတယ်။

Credit: ဧရာဝတီ

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်