Sunday, July 28, 2013

အဆိပ်ဖြစ်စေသာအရက်ကြောင့် ပါတီပွဲတွင် အနည်းဆုံး (၁၈)ဦးသေ

Posted by drmyochit Sunday, July 28, 2013, under | No comments



ပါကစ္စတန်နိုင်ငံရှိ သီးခြား ပါတီပွဲနှစ်ခုတွင် အဆိပ်ဖြစ်စေသာအရက်ကြောင့် အနည်းဆုံး လူ(၁၈)ဦး သေဆုံးသွားခဲ့ပြီး နှစ်ဒါဇင်ခန့်သော အခြားသူများမှာ ကျန်းမာရေး အပြင်းအထန် ထိခိုက်သည်အထိ ရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ကြာသပတေးနေ့က ကျင်းပသော မွေးနေ့ ပါတီပွဲတွင် သုံးဦးသေဆုံးခဲ့ပြီး ကျန်တစ်ဆယ့်သုံးဦးမှာ အခြားပွဲ၌ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသူများက  မွေးနေ့ပွဲနှင့် အခြား မိတ်ဆုံစားပွဲတွင် အဆိုပါအရက်အား သောက်သုံးပြီး မေ့လဲသွားကြသဖြင့် ပါကစ္စတန်မြို့လယ် Faisalabad ရှိ ဆေးရုံသို့ အပြေးအလွှား ပို့ဆောင်၍ ဆေးကုသမှု ခံယူခဲ့ကြရကြောင်း သိရသည်။

ထိုပါတီပွဲနှင့် မိတ်ဆုံစားပွဲများသည် နေအိမ်တွင် သီးသန့်ကျင်းပသော ပွဲများ ဖြစ်ကြောင်းလည်း သိရသည်။

Source : Straitstimes

ရေအောက် Internat cable ဆက်ကြောင်းပြင်ဆင်မှု ကြိုးစားဆဲ

Posted by drmyochit Sunday, July 28, 2013, under | No comments



အင်တာနက် ရေအောက် ဆက်ကြောင်း SE-ME-WE 3 cable ပြတ်တောက်နေတဲ့အတွက် ပြည်တွင်းမှာ အင်တာနက် သုံးစွဲသူအချို့နဲ့ ပြည်ပကို ဆက်သွယ်နေရတဲ့လုပ်ငန်းတွေမှာ အခက်အခဲတွေ ရင်ဆိုင်နေကြ ရပါတယ်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကတော့ အခုလို ဆက်ကြောင်း ပြတ်တာကို ပြင်ဆင်နိုင်ဖို့ ရှာဖွေဆဲ အဆင့်မှာပဲ ရှိနေသေးတယ်လို့ ဗွီအိုအေကို ပြောပါတယ်။ Cable ဆက်ကြောင်း ပြတ်တောက်မှု ရဲ့ဂယက်က ဘယ်လောက် ကြီးသလဲဆိုတာကို ဆက်သွယ်မေးမြန်းထားတဲ့ ဗီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့အပြည်ပြည်ဆိုင်ရာ ဆက်ကြောင်းတွေနဲ့ အဓိက ချိတ်ဆက်ထားတဲ့ ပင် လယ်ရေအောင်ကေဘယ် (SEA-ME-WE 3) ဆက်ကြောင်း ပျက်နေတာကို ပြင်ဆင်နိုင်ဖို့ ကြိုးစားနေတဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မြန်မာ့ အင်ဂျင်နီယာတွေဟာ ပျက်နေတဲ့နေရာကို ယနေ့ထိ ရှာဖြွေပင် ဆင်နိုင်ဖို့ကြိုးစားဆဲဖြစ်တယ်လို့ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းရဲ့ ထွေထွေ မန်နေဂျာဦးကျော်စိုးဝင်းက ပြောပါတယ်။

(SEA-ME-WE 3) ရဲ့ မြန်မာ့ပြည်ဆက်ကြောင်း လမ်းကြောင်း တစ်လျှောက်ဖြစ်တဲ့ ဖျာပုံ၊ ကျုံကဒွန်း နဲ့ ကုလားထိပ် ပင်လယ် ပြင်မှာ ပျက်ခဲ့တာ ဖြစ်ပြီးတော့ ပင်လယ်ရေအောက်မှာ ပျက်နေတဲ့အတွက် ရေတက် ရင် ပြင်ဆင်ရေး လုပ်ငန်းတွေရပ်ဆိုင်း ဖြစ်ရတာလို့ ဦးကျော်စိုးဝင်း က ဗီအိုအေကို အခုလို ပြောပါတယ်။

“ဆက်ကြောင်း စခဲ့တဲ့ ပင်လယ်ကမ်းခြေ ကုလားထိပ်ကနေ ဖျာပုံအထိရောက်အောင် ကျနော်တို့ အသေး စိတ်လမ်းလျှောက်ပြီးတော့ တစ်ခုချင်း စက်နဲ့လည်းတိုင်းတယ်။ တွေ့တဲ့နေရာတိုင်းကို ရှာပြီး ကျနော်တို့ ပြုပြင်နေပါတယ်။”

နိုင်ငံတကာနဲ့ ဆက်သွယ်ချိတ်ဆက်နေတဲ့ လိုင်းမှာသာ ပျက်စီးမှု ရှိမယ်ဆိုရင်တော့ ပြင်ဆင်ချိန် အတွက် ၁ လ ခန့် အချိန်ယူရဖို့ ရှိပြီးတော့ ပြည်တွင်းဘက်က ကုန်းတွင်းဆက်ကြောင်းဘက်မှာသာ အဓိက ပျက်မယ် ဆိုရင်တော့ ၂ ပတ်ခန့်နဲ့ ပြင်ဆင်နိုင်မှာ ဖြစ်တဲ့အကြောင်း ဦးစိုးဝင်း ကပြောပါတယ်။

“ဆက်ကြောင်းက ပြည်တွင်းပြည်ပ ဆက်ကြောင်း နှစ်ခုဖြစ်နေလို့ ပြည်တွင်းပိုင်းမှာလည်း ရှာနေပါတယ်။ ပြည်ပဆက်ကြောင်းက ဖြစ်တယ်ဆိုရင် တစ်လလောက်ကြာနိုင်ပါတယ်။ ပြည်တွင်းဆက်ကြောင်းကဖြစ်တယ်ဆိုရင်တော့ နှစ်ပတ်လောက်အတွင်းမှာ ပြီးနိုင်ပါတယ်။”

အခုလို (SEA-ME-WE 3) ကေဘယ်ဟာ အရှေ့တာင်အာရှ၊ အရှေ့အလယ်ပိုင်း နဲ့ ဥရောပက နိုင်ငံတကာ အင်တာနက် ဆက်ကြောင်းတွေနဲ့ မြန်မာ နိုင်ငံအတွင်းမှာ လာရောက် ချိတ်ဆက်ထားတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံဘက်က အင်ဂျင်နီယာတွေနဲ့ ပြင်ပက နိုင်ငံတကာ ပညာရှင်တွေနဲ့ ပြင်ဆင်ရမှာဖြစ်တယ်လို့ ဦးစိုးဝင်းက ပြောပါတယ်။ အခုလို အင်တာနက် ဆက်ကြောင်းတွေ ပြတ်တောက်မှုကြောင့် အင်တာနက် ဆက်သွယ် မှုတွေနဲ့ တချို့ဖုန်းလိုင်းဆက်သွယ်မှုတွေမှာပါ အခက်အခဲတွေရှိနေပါတယ်။ နိုင်ငံတကာနဲ့ ဆက်သွယ်ပြီးလုပ်ရတဲ့ လေယာဉ် လက်မှတ် အရောင်းကိစ္စတွေနဲ့ ဟိုတယ်ခန်း ကြိုတင်မှာယူတဲ့နေ ရာတွေမှာ အခက်အခဲတွေ ဖြစ်နေတယ်လို့ ကိုင်တိုင်လည်း ခရီးသွားလုပ်ငန်း ပိုင်ရှင် တစ်ဦးလည်းဖြစ်၊ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးဖြိုးဝေရာဇာက ပြောပါတယ်။

“အဓိက-ကတော့ GPS လို့ခေါ်တဲ့ Global Positioning System ပေါ့နော်၊ အဲလိုစနစ်သုံးတဲ့သူတွေ အတွက်တော့ မဖြစ်နိုင်ဘူးခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က အင်တာနက်ကို တခါတည်း Booking တင်ရတဲ့ ဟာမျိုးတွေဆိုတော့ အင်တာနက်မရရင် သုံးလို့မရပါဘူး။ Intentional Ticketing အတွက် ကတော့ အခက်အခဲရှိပါတယ်။”

မကြာခဏ ချို့ယွင်းပြတ်တောက်တတ်တဲ့ SE-ME-WE-3 အင်တာနက် ဆက်ကြောင်းနေရာမှာ အစားထိုးဖို့ ရည်ရွယ်ထားတဲ့ SE-ME-WE-5 အင်တာနက်ဆက်ကြောင်းသစ် ချိတ်ဆက်မှုကိုတော့ ဒီဇင်ဘာလမှာ စတင်သွားမှာ ဖြစ်တဲ့အကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူတွေက ပြောပါတယ်။

VOA

ဖြစ်ပြီးခဲ့သမျှ မြန်မာ - ကုလား အဓိကရုဏ်း များနှင့်ပတ်သက်၍ အစိုးရသတင်းထုတ်ပြန်

Posted by drmyochit Sunday, July 28, 2013, under | No comments



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက် (  ၁၀  / ၂၀၁၃ )
၁၃၇၅ ခုနှစ် ၊ ဝါဆိုလပြည့်ကျော်    ၄    ရက်
( ၂၀၁၃ ခုနှစ် ၊ ဇူလိုင်လ    ၂၆   ရက် )

၁။   ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရသည် ပြည်သူလူထုတစ်ရပ်လုံး၏ ဆန္ဒနှင့်အညီ အေးချမ်းသာယာ၍ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ်ကို စည်းလုံးညီညွတ်စွာဖြင့် အားကြိုး မာန်တက် တည်ဆောက်လျက်ရှိပါသည်။

၂။   နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားအားလုံးသည် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနှင့် နတ်ကိုးကွယ်သည့်ဘာသာတို့ကို လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့် ရှိသည်။ သမိုင်းစဉ်တစ်လျောက် မတူညီသော ဘာသာဝင်များအကြား စည်းလုံးညီညွတ်စွာ သဟဇာတ ဖြစ်ဖြစ် နေထိုင်လျက်ရှိပါသည်။

၃။   ၂၀၁၂ ခုနှစ်၊ မေလက ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ရာဇဝတ်ပြစ်မှုတစ်ခုအပေါ် အခြေခံ၍ လူမှုအသိုက်အဝန်းနှစ်ခုအကြား ဇွန်လနှင့် အောက်တိုဘာလတို့တွင် ဖြစ်ပျက်ခဲ့သော အကြမ်းဖက်မှု ဖြစ်စဉ်များသည် နိုင်ငံတစ်ဝန်းရှိ တိုင်းရင်းသားပြည်သူများအတွက် များစွာစိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်စဉ် များ ဖြစ်ခဲ့ပါသည်။ ၂၀၁၃ ခုနှစ်၊ မတ်လတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၌ ဈေးဝယ်သူချင်း အချင်းများရာ၌ အုပ်စုချင်းအကြမ်းဖက်လုပ်ရပ်များနှင့် ပဲခူးတိုင်းဒေသကြီးရှိ မြို့နယ်အချို့၌ အကြမ်းဖက်မှု ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။ ၂၀၁၃ ခုနှစ်၊ မေလတွင် ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင်လည်း ဆူပူသည့် ဖြစ်စဉ်တစ်ရပ် ဖြစ်ပွားခဲ့သည်။

၎။   မြန်မာနိုင်ငံတော်အစိုးရသည် ဤဖြစ်စဉ်များ၊ အကြမ်းဖက်မှုများကို အမြန်ဆုံးရပ်တန့်ရန် နှင့် တရားဥပဒေစိုးမိုးရေးကို အချိန်တိုအတွင်း ပြန်လည်ထိန်းသိမ်း ဆောင်ရွက်ခဲ့ပါသည်။ ဤသို့ ဆောင်ရွက် ရာတွင်လည်း အင်အားအလွန်အကျွံသုံးစွဲခြင်းမပြုရန် သတိကြီးစွာဖြင့် ဆောင်ရွက်ခဲ့သလို အကြမ်းဖက်မှု ကျူးလွန်သူ မည်သူ့ကိုမဆို ဥပဒေနှင့်အညီ တားဆီးဆောင်ရွက်ခဲ့ပါသည်။ ဥပဒေချိုးဖောက်သူများ ကိုလည်း မည်သည့်လူမျိုးနှင့် ဘာသာဝင်မဆို ခွဲခြားခြင်းမပြုဘဲ ကျူးလွန်သည့် ပြစ်မှုအတိုင်းအတာအရ ဥပဒေနှင့်ညီညွတ်သော ပြစ်ဒဏ်များ ချမှတ်အရေးယူခဲ့ပါသည်။ ဖမ်းဆီး အရေးယူမှု၊ ပြစ်ဒဏ်ချမှတ်မှုများ၊ စစ်ဆေးဆဲ ပြစ်မှုများကိုလည်း သတင်းစာများတွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။

၅။   မြန်မာနိုင်ငံတော်အစိုးရသည် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ရခိုင်ပြည်နယ်အစိုးရ၊ ကုလသမဂ္ဂ အေဂျင်စီများ၊ အိုင်အင်ဂျီအိုများ၊ အင်ဂျီအိုများနှင့် ပူးပေါင်း၍ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသူများအား ဘာသာရေး၊ လူမျိုးရေး ခွဲခြားမှုမရှိဘဲ လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပေးအပ်ခဲ့ပါသည်။ စေတနာရှင် နိုင်ငံအသီးသီး၏ အစိုးရများမှတစ်ဆင့် ထောက်ပံ့ကူညီမှုများကိုလည်း နှစ်ဖက်အသိုက်အဝန်းသို့ မျှတစွာ ထောက်ပံ့ဖြန့်ဝေပေးခဲ့ပါသည်။ ရခိုင်ပြည်နယ်တွင် ပြည်ထောင်စုအစိုးရက တာဝန်ယူဆောက်လုပ် ပေးသော လူနေအဆောက်အဦ လုံးချင်းအိမ် (၉၆၀) လုံး ဆောက်လုပ်ရန်အနက် (၉၄၅)လုံး ဆောက်လုပ် ပြီးစီးပြီး၊ တဲတန်းလျား (၁၄၄၃) လုံး ဆောက်လုပ်ရန်အနက် (၁၄၁၃)လုံး ဆောက်လုပ်ပြီး၍ ဒုက္ခသည် များအား နေရာချထားပေးပြီးဖြစ်ပါသည်။ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ယူသော အဆောက်အဦ လုံးချင်းအိမ် (၂၈၂) လုံး ဆောက်လုပ်ရန်အနက် အားလုံးဆောက်လုပ်ပြီးစီးပြီး၊ တဲတန်း လျား (၉၃၇) လုံး ဆောက်လုပ်ရန်အနက် (၅၃၈)လုံး ဆောက်လုပ်ပြီးစီးပြီးဖြစ်ပါသည်။ အိုးမဲ့အိမ်မဲ့ ဖြစ်သူ များအား ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးများကိုလည်း ဆက်လက်အကောင် အထည် ဖော်ဆောင်ရွက်လျက်ရှိပါသည်။

၆။   ဗုဒ္ဓဘာသာနှင့် မူဆလင်ဘာသာဝင်များအကြား ယုံကြည်မှုနှင့် သဟဇာတဖြစ်မှုတို့သည် မြန်မာပြည်သူများ အကြား ရေရှည်တည်ငြိမ်အေးချမ်းမှုအတွက် အရေးကြီးကြောင်း မြန်မာနိုင်ငံ နိုင်ငံတော် အစိုးရနှင့် လူမှုအဖွဲ့အစည်းများ၊ ဘာသာရေးအသီးသီးမှ ခေါင်းဆောင်များက ကောင်းစွာသိမြင်သလို အလေးထားဆောင်ရွက်နေသည့် ကိစ္စရပ်လည်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့် ရှိသကဲ့သို့ အပြန်အလှန် ယုံကြည်လေးစားမှုနှင့် နားလည်စာနာသည်းခံမှုများရှိရန်လည်း လိုအပ်သည်။ ထို့ပြင် ဘာသာရေးအစွန်းရောက်သည့် ရန်လိုမုန်းတီးမှုများကို ဆန့်ကျင်တိုက်ဖျက်သွားရန် နှင့် ဘာသာရေးပဋိပက္ခများ ကြီးထွားအောင် မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေသူများကို ဝိုင်းဝန်း ဆန့်ကျင်သွားရန်လည်း လိုအပ်ပါသည်။

၇။   ယနေ့အချိန်အခါတွင် မြန်မာနိုင်ငံ၌ တည်ငြိမ်မှုများ ပြန်လည်ရရှိနေပြီ ဖြစ်သော်လည်း ပြည်တွင်း ပြည်ပမှ အချို့အဖွဲ့အစည်းများက မြန်မာနိုင်ငံအတွင်း ဘာသာရေးခွဲခြားမှု၊ လူမျိုးရေး ခွဲခြားမှုများ ပြင်းထန်စွာ ဖြစ်ပွားနေသကဲ့သို့ ပုံဖော်စွပ်စွဲမှုများ ပေါ်ပေါက်လျက်ရှိပါသည်။ ထိုသို့သော ပုံဖော်စွပ်စွဲမှု များကြောင့် ပြဿနာများ ပို၍ ရှုပ်ထွေးသွားစေနိုင်မည်ကို သတိပြုသင့်ပါသည်။

၈။   တိုင်းရင်းသားပြည်သူလူထုများ၊ နိုင်ငံသားများအားလုံး လူမျိုးဘာသာ ခွဲခြားမှုမရှိဘဲ ငြိမ်းချမ်း ညီညွတ်စွာဖြင့် သမိုင်းစဉ်တစ်လျောက် ဂုဏ်သိက္ခာမြင့်မားစွာနေထိုင်ခဲ့သည့် ပြည်ထောင်စုမြန်မာနိုင်ငံ၏ အစဉ်အလာကို စောင့်ထိန်းလျက် အနာဂတ်ကာလတွင်လည်း ယင်းသို့ ညီညွတ်စွာ နေထိုင်သွားရေးကို ရှေးရှုဆောင်ရွက်သွားကြရမည် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် နိုင်ငံရေး၊ စီးပွားရေး၊ စနစ်သစ်တစ်ရပ် အား အောင်မြင်စွာတည်ဆောက်နိုင်ရေးကို နိုင်ငံသားတိုင်း၏ အဓိကတာဝန်အဖြစ် ခံယူကြိုးပမ်း ဆောင်ရွက်သွားကြရန် အလေးအနက် မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်။

၉။   နိုင်ငံတော်အစိုးရသည် လူမျိုးဘာသာ မခွဲခြားဘဲ အထက်ပါဖြစ်စဉ်များကြောင့် ထိခိုက်နစ်နာခဲ့သူ များအား ပြန်လည်နေရာချထားရေး၊ ပုံမှန်ဘဝသို့ ပြန်လည်ထူထောင်ရေး၊ ရေရှည်တည်တံ့ ခိုင်မြဲသော သဟဇာတဖြစ်မှု၊ ငြိမ်းချမ်းမှုကို ဆောင်ကျဉ်းနိုင်ရေးအတွက် စေတနာရှင်နိုင်ငံများ၊ ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်းမှ စေတနာရှင်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

From : .. သမ္မတရုံး

ဒီကိစ္စအတွက် နှလုံးသားရှိသူတိုင်း ရှယ်ကြပါ ကူညီကြပါ......

Posted by drmyochit Sunday, July 28, 2013, under | No comments



24.7.2013 ရက်နေ့က မလေးရှာနိုင်ငံ Kuala lipis မြို့ရဲ့ Young yim တရုတ်စားသောက်ဆိုင်က အိုဗာ စတေး ချင်းတိုင်းရင်းသူလေး၁ယောက်ကို ပြည့်တန်ဆာဟုစွပ်ဆွဲ ကာ Kuala lipis ရဲတပ်ဖွဲ့များက ဖမ်းဆီး သွားပါတယ်။

ရဲစခန်းရောက်တော့ ရဲစခန်းမှုးကစစ်စရာရှိတယ်ဆိုပြီး အိမ်ခေါ်သွားပါတယ် ယနေ့ထိစခန်းပြန် မပို့သေး ပါဘူး မလေးရှားမြန်မာလူမှု့ကွန်ယက်ကတော့ ထိုကိစ္စအားအပူတပြင်းလိုက်နေပါတယ်

ကောင်မလေး၏ ဘဝလုံခြုံရေးအတွက် ပြန်လွှတ်ပေးရန်သော်လည်းကောင်း ရဲစခန်းတွင်ပြန်ထားရေးသော် လည်းကောင်း ကြိုးပမ်းနေပါတယ်

ထိုကိစ္စအား မြန်မာသံရုံးအား အသိပေးထားသော်လည်း သံရုံနှင့်မြန်မာသံအမတ် ဦးတင်လတ်တို့မှ တစုံ တရာ ဝင်ရောက်ခြင်းမရှိသေးကြောင်း မြန်မာလူမှု့ကွန်ယက်ကပြောပါတယ်။

Credit : စိုင်းခမ်းလတ် & I Love Myanmar

စင်ကာပူရှိ မွတ်စလင်တို့ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာအကြောင်း တစေ့တစောင်း

Posted by drmyochit Sunday, July 28, 2013, under | No comments



စင်ကာပူတွင် အိမ်ထောင်ရေးဆိုင်ရာ ဥပဒေကို အက်ဥပဒေနှစ်ရပ်ဖြင့် အုပ်ချုပ်သည်။ ယင်းဥပဒေနှစ် ရပ် မှာ Administration of Muslim Law Act (AMLA) တွင် အကျုံးဝင်သည့် Muslim Marriages Act (1966) နှင့် အမျိုးသမီး ပဋိညာဉ် (Women's Charter) တို့ဖြစ်သည်။ မွတ်စလင်တို့၏ လက်ထပ် ထိမ်းမြား မှုကို အမျိုးသမီး ပဋိညာဉ်ကို အုပ်ချုပ်သည့် Civil Registry (ROM) နှင့် Registry of Muslim Marriages (ROMM) တို့က ထုံးတမ်းနှင့်ညီအောင် ပြုလုပ်ပေးသည်။

မွတ်စလင်တို့နှင့် သက်ဆိုင်သော Administration of Muslim Law Act (AMLA) သည် မွတ်စလင် ရေးရာများကို စည်းမျဉ်းစည်းကမ်းများ ချမှတ်ရန်နှင့် စင်ကာပူတွင် မွတ်စလင်တို့နှင့် ဆက်နွှယ်သည့် ရေးရာများကို အကြံပြုရန်အတွက် ကောင်စီတစ်ခု ဖွဲ့စည်းရန်နှင့် ရှာရီရာ တရားရုံး တည်ထောင်ရန် တို့ အတွက် သက်ဆိုင်သည့် ဥပဒေဖြစ်သည်။

ဥပဒေအရ မွတ်စလင် တစ်ဦးသည် လူပျိုပေါက် ဖြစ်လာချိန်တွင် လက်ထပ်ထိမ်းမြားနိုင်သည်။ ထို့ပြင် သတို့သမီးသည် လက်မထပ်ရသေးသော တစ်ကိုယ်ရေ တစ်ကာယ အမျိုးသမီးဖြစ်သည်နှင့် မွတ်စလင် ဥပဒေ အရ တရားဝင်ဖြစ်သော အုပ်ထိန်းသူ '၀ါလီ' က လက်ထပ်ထိမ်းမြားမှုကို သဘောတူခွင့် ပြုပေး ရသည်။ ယင်းဝါလီသည် ဖခင်၊ အစ်ကို၊ မိခင်ဘက်မှ အဘိုး၊ ဦးလေး (ဖခင်နှင့် ညီအစ်ကိုတော်သူ) ဖြစ်မည်ဖြစ် ပြီး၊ မိန်းကလေးသည် လက်ထပ်ထိမ်းမြားခြင်း မပြုနိုင်သည့် ကလေးဖြစ်ပါက မိခင်ဖြစ်သူက အလ္လာ ၏ နာမတော်ဖြင့် ကြေညာပေးရမည် ဖြစ်သည်။

ထို့ပြင် ဖခင်ဖြစ်သူသည် အသက်ရှင်လျက် ရှိနေကြောင်း မသိနိုင်တော့လျှင် ဖြစ်စေ၊ အဝေးတစ်နေရာ ရောက်နေ လျှင်ဖြစ်စေ၊ ဒေသဆိုင်ရာ အုပ်ချုပ်သူ တစ်ဦးကလည်း အုပ်ထိန်းသူအဖြစ် ဆောင်ရွက်ပေးနိုင် သည်။ ဖခင်ဖြစ်သူသည် စင်ကာပူရှိ မည်သည့်နေရာတွင် ရောက်ရှိနေမှန်း မသိဘဲ အသက်ရှင်လျက် ရှိနေသေး လျှင် မှတ်ပုံတင်ရုံးက တရားဝင်လျှောက်လွှာကို သတင်းစာများတွင် ထည့်သွင်းပြီး ဆင့်ခေါ်နိုင် သည်။ ယင်းဆင့်ခေါ်စာကို Muslim Court for the Marriage က သဘောတူခွင့် ပြုပေးရမည်ဖြစ်သည်။ ဆင့်ခေါ် လွှာသည် ရက်ပေါင်း ၃၀ အတွင်း အကျုံးဝင်သည်။

သတို့သမီးသည် မွတ်စလင်ဘာသာပြောင်း တစ်ဦးဖြစ်လျှင်၊ မိသားစုအတွင်း တစ်ဦးတည်းသော ဘာသာပြောင်း သူဖြစ်လျှင် အုပ်ထိန်းသူ မလိုအပ်ပေ။

စင်ကာပူတွင် လက်ထပ်ထိမ်းမြားခြင်းကို တရားဝင် အတည်ဖြစ်အောင် ဆောင်ရွက်ပေးရာ၌ မှတ်ပုံတင်သူ မှတ်ပုံ တင် အရာရှိကဖြစ်စေ၊ လက်ထပ်ထိမ်းမြားခြင်းကို တရားဝင် ဆောင်ရွက်ခွင့် လိုင်စင် ရရှိထား သူ ကဖြစ်စေ ဆောင်ရွက်ပေးရသည်။

လက်ထပ်ထိမ်းမြားခြင်းကို တရားဝင်အောင် ပြုလုပ်ပေးရာ၌ တင်းကျပ်သော ပြဋ္ဌာန်းမှုများအတိုင်း ဆောင်ရွက် ရမည်ဖြစ်ပြီး ယင်းစည်းမျဉ်းများတွင် သတို့သား၊ သတို့သမီး စုံညီရှိရမည်ဖြစ်ပြီး အမျိုးသား မွတ်စ လင် သက်သေနှစ်ဦး (သို့မဟုတ်) အမျိုးသမီး မွတ်စလင်သက်သေ လေးဦး (မိသားစုနှင့် မသက် ဆိုင်သူ) တို့ရှိရန် လိုအပ်ကြောင်း ပါဝင်သည်။ အုပ်ထိန်းသူ၊ အုပ်ချုပ်သူ အကြီးအကဲနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူတို့ ရှိရမည်ဖြစ်သည်။

လက်ထပ်မင်္ဂလာ အခမ်းအနား ကုန်ကျစရိတ်အတွက် သတို့သမီး၏ မိသားစုကို လက်ဆောင်မဖြစ်မနေ ပေးရ မ ည်ဖြစ်သည်။ (စင်ကာပူဒေါ်လာ ၂၀၀ ထက်မနည်းပေးရန် သတ်မှတ်ထားသည်) ယင်း လက်ဆောင် သည် သဘောတူညီချက်များ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဇနီးဖြစ်သူ၏ ကုန်ကျစရိတ်များနှင့် ယင်းပမာ ဏသည် ညီမျှရမည်ဖြစ်သည်။

လက်ထပ်ထိမ်းမြားခြင်း မှတ်ပုံတင်မှုကို ဆောင်ရွက်နေစဉ် သက်သေမှလွဲလျှင် တက်ရောက်သူ အားလုံး သည် (ROMM) ရုံးတွင် လျှောက်လွှာကို လာရောက်လက်မှတ် ရေးထိုးရမည်ဖြစ်သည်။ သတို့သားသည် လက်ထပ် ထိမ်းမြားရန်အတွက် လျှောက်လွှာနှင့် ကြေညာသဘောတူညီမှုတို့ကို လက်မှတ်ရေးရပြီး လက်ထပ် ထိမ်းမြား မှုကို တရားဝင် ဖြစ်လာစေရန် ဆောင်ရွက်ရမည် ဖြစ်သည်။ တရားသူကြီး၊ ခါဒီက မေးမြန်း ရာတွင် အစ္စလာမ္မစ်ဆိုင်ရာ ဗဟုသုတများနှင့် ပတ်သက်၍ ကျေနပ်သည်အထိ ဖြေကြားနိုင်ရမည် ဖြစ် သည်။

သတို့သား၊ သတို့သမီးစုံတွဲသည် အသက် (၂၁) နှစ် အရွယ်ရှိရမည် ဖြစ်သော်လည်း မိဘများ၏ သဘော တူညီ ချက်ဖြင့် ခွင့်ပြုပါက ၁၆ နှစ်အရွယ်လည်း လက်ထပ်ထိမ်းမြားနိုင်သည်။ အသက် ၁၆ နှစ်အောက် သတို့ သမီး အတွက် အထူးခွင့်ပြုချက် လိုအပ်မည်ဖြစ်သည်။

လက်ထပ်မည့် သတို့သား၊ သတို့သမီး စုံတွဲသည် ခန့်အပ်ထားသူ တစ်ဦးက ပို့ချမည့် လက်ထပ် ထိမ်းမြားခြင်း အတိုင်ပင်ခံသင်တန်း Marriage Conselling Course ကို တက်ရောက်ရမည် ဖြစ်သည်။ ယင်းသင် တန်းက ထုတ်ပြန်ပေးသော လက်မှတ်သည် သုံးနှစ်သာ အကျုံးဝင်သည်။ အမျိုးသမီး တစ်ဦး သည် အိမ်ထောင်ရှိဆဲ ဖြစ်ပါက ကွာရှင်းလက်မှတ်ရှိရန် လိုအပ်မည်ဖြစ်ပြီး ယင်းလက်မှတ်သည် လက်မထပ် မီ ရက် ၉၀ သက်တမ်း ရှိရမည်ဖြစ်သည်။ သတို့သားတွင် အသက်ရှင်လျက် ဇနီးမယား ရှိပါက ဇနီးမယား ကို ထောက်ပံ့နိုင်ရန်အတွက် ဘဏ္ဍာရေး ပြည့်စုံကြောင်း သက်သေအထောက်အထား ပြရန်လိုအပ် မည် ဖြစ်သည်။ ထို့ပြင် နောက်ထပ်အိမ်ထောင်မပြုမီ ရှိဆဲဇနီးမယား အားလုံး၏ သဘောတူ ခွင့်ပြုချက် လည်း လိုအပ်မည်ဖြစ်သည်။ အမျိုးသားတစ်ဦး အနေဖြင့် သက်ရှိထင်ရှား ဇနီးလေးဦးအထိ ယူခွင့် ရှိသည်။

လက်ထပ်ထိမ်းမြားမှု မှတ်ပုံတင်ခြင်းကို (ROM) ရုံးတွင် (သို့မဟုတ်) ၀က်ဘ်ဆိုက်တွင် သွားရောက် မှတ်ပုံ တင် ရန် သတို့သား၊ သတို့သမီး နှစ်ဖက်စလုံးက ရက်ရွေးချယ်ရမည်ဖြစ်ပြီး မွတ်စလင် လက်ထပ် ထိမ်းမြားခြင်း မှတ်ပုံတင်မှု ဆောင်ရွက်ပြီးနောက် ၂၁ ရက်အတွင်း၊ သုံးလအတွင်း အရပ်ဘက် မှတ်ပုံ တင်မှုကို ဆောင်ရွက်ရမည် ဖြစ်သည်။

ထို့နောက် သတို့သား၊ သတို့သမီးသည် လက်ထပ်ထိမ်းမြားခြင်း မှတ်ပုံတင်ကို လိုင်စင်ရ လက်ထပ် ထိမ်းမြားခြင်း ဆောင်ရွက်ပေးသူထံသို့ ယူဆောင်သွားရမည် ဖြစ်သည်။ လိုင်စင်ရ လက်ထပ်မင်္ဂလာ ဆောင်ရွက်ပေး သူသည် ဘာသာရေး ခေါင်းဆောင်တစ်ဦး ဖြစ်နိုင်ပြီး တရားသူကြီး (သို့မဟုတ်) ရပ်ရွာခေါင်းဆောင်များလည်း ဖြစ်နိုင်သည်။

စင်ကာပူတွင် မွတ်စလင် အမျိုးသားတစ်ဦးနှင့် မွတ်စလင် မဟုတ်သူတို့ လက်ထပ်ခြင်းကို ခွင့်မပြုပေ။ မွတ်စလင် မဟုတ်သော သတို့သမီး အနေဖြင့် ဘာသာပြောင်းရန်အတွက် သင်တန်းတက်ရောက် ရမည်ဖြစ်သည်။ တွေ့ဆုံမေးမြန်းသူများက သတို့သား အနေဖြင့် ဘာသာပြောင်းလာသူ သတို့သမီးကို ဇနီးမယားအဖြစ်နှင့် မွတ်စလင် တစ်ဦးအဖြစ် လမ်းညွှန်နိုင်ရန်အတွက် ပြည့်စုံကြောင်းလည်း မေးမြန်းကြမည် ဖြစ်သည်။ မွတ်စလင်မဟုတ်သော သတို့သမီးသည် လက်ထပ်ထိမ်းမြားရန်အတွက် ဘာသာပြောင်း သင်တန်းများ တစ်နှစ်ရောက်ပြီးမှသာ လက်ထပ်ထိမ်းမြားခွင့် ရရှိမည်ဖြစ်သည်။

စင်ကာပူတွင် မွတ်စလင် လက်ထပ်ထိမ်းမြားခြင်းမှလွဲလျှင် အခြားဘာသာဝင်များ ဘာသာခြားအချင်းချင်း လက်ထပ်ထိမ်းမြားမှုအတွက် ကန့်သတ်ချက် မရှိပေ။ မွတ်စလင်နှင့် ဂျူးတို့ လက်ထပ်မှုအတွက် လျှောက်ထားမှုတွင် သီးခြားစည်းမျဉ်းများ ရှိနိုင်သည်။

စင်ကာပူတွင် နိုင်ငံခြားသားများ လက်ထပ်ရန်အတွက် လူ့စွမ်းအား ၀န်ကြီးဌာနထံမှ ခွင့်ပြုချက် လိုအပ်မည်ဖြစ်ပြီး ယင်းခွင့်ပြုချက် မရခဲ့ပါက နောင်တစ်ချိန် ယင်းခွင့်ပြုချက် လိုအပ်လာပါက နိုင်ငံခြားသားများသည် နေရပ်ပြန်ပို့ ခံရနိုင်ပြီး စင်ကာပူသို့ နောက်တစ်ကြိမ် ၀င်ရောက်ရန် တားမြစ်မှုကို ခံရမည် ဖြစ်သည်။ ထို့ပြင် တိမ်းရှောင်သူ စာရင်း၌လည်း ထည့်သွင်းခံရမည် ဖြစ်သည်။

မွတ်စလင် လက်ထပ်ထိမ်းမြားမှုက လိင်တူချင်း လက်ထပ်မှုကို ခွင့်မပြုပေ။ လူတစ်ယောက် အနေဖြင့် အမျိုးသား အင်္ဂါနှင့် အမျိုးသမီးအင်္ဂါ နှစ်မျိုးစလုံးဖြင့် မွေးဖွားလာပါက အပြောင်းအလဲ ဆောင်ရွက်ရမည် ဖြစ်သည်။

စင်ကာပူတွင် ပြီးခဲ့သည် ဆယ်နှစ်အတွင်း ကွာရှင်းပြတ်စဲရန် လျှောက်ထားမှု နည်းပါးလာပြီး လက်ထပ်ရန် လျှောက်ထားမှု မြင့်တက်လာခဲ့ကြောင်း စာရင်းအင်းဌာနက နောက်ဆုံးထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ ၂၀၁၂ ခုနှစ်က စင်ကာပူတွင် လက်ထပ်ရန် မှတ်ပုံတင် လျှောက်ထားမှု ၂၇၉၃၆ ရှိခဲ့သည်။ မွတ်စလင် လက်ထပ်မှု မြင့်တက်ခဲ့ပြီး ၂၀၀၂ ခုနှစ်က လက်ထပ်မှု မှတ်ပုံတင် လျှောက်ထားမှု စုစုပေါင်းတွင် မွတ်စလင်လက်ထပ်မှုက ၄၅ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၂ ခုနှစ်တွင် ရာခိုင်နှုန်း ၇၀ အထိ မြင့်တက်ခဲ့သည်။ မွတ်စလင်တို့၏ ကွာရှင်းရန် လျှောက်ထားမှုသည် လက်ထပ်ပြီး ငါးနှစ်အတွင်း လျှောက်ထားမှုနှင့် လက်ထပ်ပြီး ငါးနှစ်မှ ကိုးနှစ်အတွင်း လျှောက်ထားမှုသည်  ၂၈ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။ ဘဏ္ဍာရေး ပြဿနာနှင့် လက်ထပ်ပြီးနောက် အိမ်ထောင်ရေး ကိစ္စများသည် မွတ်စလင်တို့ ကွာရှင်းမှုတွင် အဓိက အကြောင်းအရင်းနှစ်ခု ဖြစ်ခဲ့သည်။

Ref:Wikipedia
From: Eleven

မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ သန်း ၃၀ အထက် ကြွယ်ဝချမ်းသာသူပေါင်း ၃၉ ဦးရှိကြောင်း Knight Frank ၏ ကြွယ်ဝချမ်းသာမှု အစီရင်ခံစာတွင် ဖော်ပြ

Posted by drmyochit Sunday, July 28, 2013, under | No comments




အင်္ဂလန်နိုင်ငံ လန်ဒန်မြို့အခြေစိုက် အိမ်ခြံမြေ အကြံပေးကုမ္ပဏီဖြစ်သော Knight Frank က ၂၀၁၃ ခုနှစ် ချမ်းသာကြွယ်ဝမှုအ စီရင်ခံစာကို ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံတွင် HNWI ဟုခေါ်သော အမေရိကန်ဒေါ်လာ သန်း ၃၀ အထက် ကြွယ်ဝချမ်းသာသူပေါင်း ၃၉ ဦးရှိကြောင်း သိရသည်။ ၎င်းအပြင် မြန်မာနိုင်ငံသည် HNWI အရေအတွက် များပြားလာနိုင်ခြေတွင် အာရှတိုက်၌ အမြင့်မားဆုံးဖြစ်ပြီး ၁၀ စုနှစ် တစ်ခုအကြာ ၂၀၂၂ ခုနှစ်သို့ အရောက်တွင် အမေရိကန်ဒေါ်လာ သန်း ၃၀ ထက် ကြွယ်ဝချမ်းသာသူပေါင်း ၃၀၇ ဦး ရှိလာလိမ့်မည်ဟု ဆိုသည်။ ထို့ကြောင့် ပြောင်းလဲနိုင်မှု ရာခိုင်နှုန်းသည် ၆၈၇ ရာခိုင်နှုန်းဖြစ်ပြီး အာရှတိုက်တွင် အမြင့်ဆုံးဖြစ်သည်။

ယင်းခန့်မှန်းမှုမှာ ချမ်းသာကြွယ်ဝမှုကို ဖန်တီးနိုင်မှု အခြေအနေနှင့် စီးပွားရေးလမ်း ပွင့်လာမှုအပေါ် အခြေခံထားခြင်း ဖြစ်သည်။ ၎င်းအပြင် နိုင်ငံရေး ပြောင်းလဲမှု အကြီးအကျယ် ဖြစ်ပေါ်လာခြင်း၊ ပိတ်ဆို့ခံထားရမှုများ လျော့ကျလာခြင်းနှင့် ဖွံ့ဖြိုးရေး စီမံချက်များအတွက် ရန်ပုံငွေ ရရှိရန် အာမခံချက်များ ရရှိလာခြင်းတို့ကိုလည်း ထည့်သွင်းတွက်ချက်ထားသည်။ မြန်မာနိုင်ငံ၌ နိုင်ငံခြား ကုမ္ပဏီများ အကြီးအကျယ်  လာရောက်ရင်းနှီး မြှုပ်နှံမည်ဖြစ်ပြီး အခြေခံ အဆောက်အအုံများ၊ စွမ်းအင်ကဏ္ဍ၊ နိုင်ငံတကာ ဘဏ်လုပ်ငန်းနှင့် ပညာရေး ကဏ္ဍတို့ ဖွံ့ဖြိုးတိုးတက်လာရန် အလားအလာကောင်းများရှိကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။ ယင်းကဏ္ဍများတွင် ပုဂ္ဂလိက လုပ်ငန်းစုများသည် နိုင်ငံတော် အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်ကာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေလိမ့်မည်ဟု ဆိုသည်။

အင်္ဂလန်နိုင်ငံ၏ အိမ်ခြံမြေဆိုင်ရာ ထိပ်တန်းဂျာနယ် တစ်စောင်ဖြစ်သော Prime Resi မှ ထုတ်ဝေခဲ့သော စစ်တမ်းတစ်ရပ်တွင်လည်း အင်္ဂလန်နိုင်ငံ လန်ဒန်မြို့နှင့် အခြားနေရာများတွင် အိမ်ခြံမြေကဏ္ဍ၌ မြန်မာတို့၏ ရင်းနှီးမြှုပ်နှံမှု ပမာဏ များပြားလာနေပြီး ၂၀၀၃ ခုနှစ် ဧပြီလအထိ အမေရိကန်ဒေါ်လာ သုံးသန်းနှင့်အထက် တန်ဖိုးရှိသော အိမ်ခြံမြေများ ၀ယ်ယူမှု၏ တစ်ရာခိုင်နှုန်းသည် မြန်မာများဖြစ်ကြောင်း သိရသည်။ ယင်းပမာဏသည် ဟောင်ကောင်နှင့် ဆွစ်ဇာလန်နိုင်ငံတို့မှ ၀ယ်ယူမှု ပမာဏနှင့် အတူတူပင်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသားများ၏ လန်ဒန်မြို့တွင် လာရောက်ရင်းနှီးမြှုပ်နှံမှု အလားအလာ လွန်စွာကြီးမားလာသည့်အတွက် အင်္ဂလန်နိုင်ငံမှ အိမ်ခြံမြေ အကြံပေး ကုမ္ပဏီဖြစ်သော Landon Dom ကုမ္ပဏီသည် ယခုလအတွင်း ရန်ကုန်မြို့၌ ရုံးခန်းတစ်ခု လာရောက်ဖွင့်လှစ်ခဲ့ကြောင်းလည်း သိရသည်။ Daily Eleven မှ ခန့်မှန်းတွက်ချက်မှုအရ မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ တစ်ဘီလျံအထက် ချမ်းသာကြွယ်ဝသူ သို့မဟုတ် စီးပွားရေး အစုအဖွဲ့ သုံးဦးမှ လေးဦးအထိရှိကြောင်း သိရသည်။

သို့သော် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ နိုင်ငံများအနက် ၀င်ငွေအနည်းပါးဆုံး နိုင်ငံဖြစ်ပြီး Wikipedia ၌ ဖော်ပြချက်အရ ၂၀၁၂ ခုနှစ်အတွက် တစ်ဦးချင်း ဂျီဒီပီသည် ဒေါ်လာ ၈၄၉ သာရှိပြီး အမြင့်ဆုံးဖြစ်သော စင်ကာပူသည် ၄၉,၉၃၆ ရှိကြောင်း သိရသည်။

NYM
From: Eleven

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်