Tuesday, September 03, 2013

Skype မှ 3D Video နည်းပညာကို ထည့်သွင်းပေးသွားမည်

Posted by drmyochit Tuesday, September 03, 2013, under | No comments





အင်တာနက် ဖုန်းခေါ်ဆိုမှု ဝန်ဆောင်မှု လုပ်ငန်းကြီး Skype က မိမိတို့သည် 3D ပုံရိပ် ထောက်ပံ့မှု စနစ်ကို ဖုန်းခေါ်ဆိုမှုအတွင်း ထည့်သွင်းရန် ကြိုးပမ်း လုပ်ဆောင်နေကြောင်း အတည်ပြုခဲ့သည်။ အင်တာနက်မှတစ်ဆင့် ဗီဒီယိုဖြင့် အပြန်အလှန် တွေ့မြင်ရသည့် ဖုန်းခေါ်ဆိုမှုများအတွက် ဝန်ဆောင်မှု ပေးနေသည့် Skype က အဆိုပါ ပုံရိပ်များကို 3D အမြင်မျိုး ရလာအောင် ဖန်တီးနေကြောင်း ကုမ္ပဏီ (၁၀) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် ပြောကြားသွားသည်။ ဧပြီလ အတွင်းက Skype သည် အနေဝေးသူချင်း ပိုမိုနီးကပ်စွာ ထိတွေ့ခံစားခွင့်ရမည့် ဖုန်းခေါ်ဆိုရေး ဝန်ဆောင်မှုသစ် တစ်ခုကို မိတ်ဆက်မည်ဟု ကြော်ငြာခဲ့သည့်နောက် 3D ပုံရိပ်ဖော် နည်းပညာ ပါဝင်လာနိုင်သည်ဟု ခန့်မှန်းမှုများ ထွက်ပေါ်နေခဲ့ပြီး ဖြစ်သည်။

ယခုအခါ Skype ၏ ဒုတိယ ဥက္ကဋ္ဌ မာ့ခ်ဂီးလတ်က 3D ရုပ်လုံးကြွ Screen များဖြင့် Skype ကို ချိတ်ဆက် ထောက်ပံ့နိုင်အောင် ဖန်တီးနေကြောင်း အတည်ပြုခဲ့သော်လည်း ယင်းနည်းပညာ အတည်ပြု ဖြန့်ဝေရန် နှစ်အတန်ငယ် အချိန်ယူရနိုင်ကြောင်း ပြောကြားသွားသည်။ “လောလောဆယ်တော ကျွန်တော်တို့ဟာ Skype အတွက် သင့်တော်မယ့် 3D Screen တွေ၊ 3D ပုံရိပ်ဖမ်းယူမှုတွေကို သုတေသနပြု လေ့လာနေဆဲပါ” ဟု ဂီးလတ်က ဆိုသည်။ ၎င်းက “Screen အပိုင်းမှာ ကျွန်တော်တို့ တိုးတက်မှုတွေ အများကြီး ရနေပါပြီ။ ခုချိန်မှာ TV တွေ ကွန်ပျူတာ Monitor တွေမှာ 3D စနစ် ထောက်ပံ့မှု ပါဝင်တာတွေကိုပဲ ရွေးချယ်ဝယ်ယူသူတွေလည်း တော်တော်များနေပြီ။ ဒါပေမဲ့ 3D ပုံရိပ်ကို ရိုက်ကူးဖမ်းယူဖို့ အတွက်ကျတော့ အဆင်သင့် မဖြစ်သေးဘူး။ ကျွန်တော်တို့က ဒီနည်းပညာကို စူးစိုက်ဇောက်ချပြီး လုပ်ဆောင်နေပါတယ်။ Skype ကို 3D နဲ့ အသုံးပြုဖို့အတွက် ကွန်ပျူတာမှာ ကင်မရာတချို့ ဖြည့်တင်းဖို့ လိုကောင်းလိုလာမယ်။ မှန်ကန်တဲ့ ထောင့်ချိုးတွေကနေ ဖမ်းယူ မှတ်တမ်းတင်တာမျိုး ဖြစ်ရမယ်။ ခုလောလောဆယ် ကျွန်တော်တို့ စမ်းသပ်နေဆဲပါ။ နောက်တစ်ချက်က ဒီနည်းပညာအတွက် အသုံးပြုမယ့် ကိရိယာတွေကိုလည်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ အထောက်အကူ ဖြစ်စေဖို့ ကျွန်တော်တို့ ရည်ရွယ်ထားတယ်” ဟုလည်း ပြောဆိုသွားသည်။

Skype တွင် 3D နည်းပညာ ထောက်ပံ့ပေးမှုကို အပြည့်အဝ စတင်လိုက်ပါက 3D ပစ္စည်းကိရိယာများ ထုတ်လုပ်ရောင်းချမှု ဈေးကွက်ကို အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေမည်ဟု လေ့လာသူများက သုံးသပ်ထားသည်။ လတ်တလောတွင် Disney ၏ ESPN ဌာနခွဲက 3D ဖြင့် ထုတ်လွှင့်ပြသသော Channel တစ်ခုကို စတင်နေပြီဟု ကြေညာထားပြီး BBC ကလည်း 3D ဖြင့် ထုတ်လွှင့်မှုအတွက် ကြိုတင်ပြင်ဆင်ထားသည့် (၂) နှစ်ကြာ စမ်းသပ်မှုသည် အပြီးသတ်လုပြီး လက်တွေ့ အကောင်အထည် ဖော်နိုင်ရန် နီးစပ်နေပြီဟု ဆိုသည်။ Avatar ဇာတ်ကားကို ဖန်တီးရိုက်ကူးသည့် ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်က ဖျော်ဖြေရေး ဝန်ဆောင်မှု ကဏ္ဍတွင် 3D ကို အသုံးပြုခြင်းသည် လုံးဝမလွဲမသွေ ဖြည့်တင်းပေးသင့်သည့် အရာတစ်ခုဟု မှတ်ချက်ပြုခဲ့သော်လည်း ယင်းအတွက် သီးခြား မျက်မှန်များ အသုံးပြုခြင်းကို ဖယ်ရှားပစ်ရန် လိုကြောင်းမူ ဝေဖန်ခဲ့သည်။ သို့မှသာ 3D ၏ စစ်မှန်သော အရသာကို ထိတွေ့ ခံစားနိုင်မည်ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။

ဂီးလတ်က ကင်မရွန်၏ စကားကို ထောက်ခံသော်လည်း စမတ်ဖုန်းကဲ့သို့ ကိရိယာငယ်များတွင် 3D ပုံရိပ် ထောက်ပံ့မှုကို မျက်မှန် မပါဘဲ အသုံးပြုနိုင်ရန် ဖြစ်နိုင်ခြေကို စဉ်းစားရန် လိုကြောင်း ထောက်ပြခဲ့သည်။ “တစ်နေ့နေ့မှာတော့ 3D ပုံရိပ်ကို မျက်မှန်မပါဘဲ ကြည့်လို့ရမယ့် ဖုန်းတွေ ထွက်ပေါ်လာမယ်လို့ ကျွန်တော် စိတ်ကူးကြည့်မိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ ဆဲလ်ဖုန်းတွေအတွက် 3D ကင်မရာတွေ ဖန်တီးနိုင်ဖို့ နီးစပ်နေပြီလား ဆိုတာတော့ သေချာ မသိသေးဘူး” ဟု ဂီးလတ်က ပြောကြားသွားသည်။

Ref & Credit: Planet Myanmar Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်