Tuesday, September 03, 2013

အများပြည်သူအတွက် ပန်းခြံ ၅၈ ခုတွင် ပန်းခြံ ၁၁ ခုသာ ဝင်ကြေးကောက်ခံ

Posted by drmyochit Tuesday, September 03, 2013, under | No comments


ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်း အများပြည်သူ အပန်းဖြေနိုင်ရန်အတွက် ပန်းခြံ ၅၈ ခုနှင့် အားကစားကွင်းများ ၈၇ ခုရှိကြောင်း ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနမှ သိရသည်။ အဆိုပါ ပန်းခြံများနှင့် အားကစားကွင်းများတွင် ပန်းခြံ ၄၃ ခုမှာ ယခင်ကတည်းက အများပြည်သူများအတွက် ပန်းခြံဝင်ကြေး ကောက်ခံခြင်း မရှိကြောင်း၊ ပန်းခြံလေးခုမှာ ၂၀၁၂-၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ် မတိုင်မီကသာ ပန်းခြံဝင်ကြေး ကောက်ခံခဲ့ကြောင်းနှင့် ယခုလက်ရှိ၌ ပန်းခြံဝင်ကြေး ကောက်ခံမှု မရှိတော့ကြောင်း၊ ကျန်လက်ရှိ ပန်းခြံ ၁၁ ခုသာ ပန်းခြံဝင်ကြေး ကောက်ခံရရှိကြောင်းနှင့် အားကစားကွင်းများမှာလည်း အများပြည်သူများ အသုံးပြုနိုင်ရန်အတွက် ရည်ရွယ်ပြုလုပ်ထားပါကြောင်း ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ “ပန်းခြံဝင်ကြေး ကောက်ခံရရှိတာနဲ့ ပြင်ဆင်စရိတ်က မကာမိပါဘူး၊ အများပြည်သူအတွက် ပန်းခြံဝင်ကြေး ကောက်ခံတာက အချို့နေရာတွေမှာ ဝင်ကြေးရှိတယ်၊ အချို့နေရာတွေကတော့ အခမဲ့ဖြစ်တယ်၊ ဥပမာအနေနဲ့ ပြောရရင် ဆင်ခြေဖုံး နေရာတွေဖြစ်တဲ့ ရွှေပေါက္ကံနဲ့ ဒဂုံဆိပ်ကမ်းတို့လို နေရာမျိုးမျာရှိတဲ့ ပန်းခြံတွေမှာ ဝင်ကြေးကောက်ခံလို့ မရဘူးလေ၊ နောက်ပြီးတော့ ပြည်သူတွေလာပြီး အပန်းဖြေကြတဲ့အတွက်ကြောင့်မို့လည်း ဝင်ကြေးဆိုပြီး အများကြီး ကောက်ခံလို့တော့ မရပါဘူး။ ဒီလို မကာမိလို့လည်း ကော်မတီက တိုင်းဒေသကြီးကို ဘတ်ဂျက်တင်ပြပြီး သွားနေရတာပါ” ဟု တာဝန်ရှိသူတစ်ဦးကပြောပြသည်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း မဟာဗန္ဓုလပန်းခြံ၊ သခင်မြပန်းခြံ၊ ရှုခင်းသာပန်းခြံနှင့် ဥက္ကလာသီရိပန်းခြံ (တောင်ဒဂုံ)တို့တွင် ပန်းခြံဝင်ကြေး ကောက်ခံခြင်း မရှိတော့ဘဲ ဇူလိုင်လ အတွင်းက ပန်းခြံဝင်ရောက်သူဦးရေ စာရင်းမှာ တစ်သိန်းလေးသောင်းကျော် ရှိကြောင်း သိရသည်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်း ပန်းခြံဝင်ကြေး ကောက်ခံရရှိမှု စာရင်းအရ ငွေကျပ်သိန်းပေါင်း ၂၃၀၀၀ ကျော်ရရှိခဲ့ကြောင်း သိရှိရသည်။


From : .....ကြေးမုံ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်